သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအရပ်သား သေဆုံးမှု နေတိုး ဝန်ခံ


လစ်ဗျားအရပ်သား သေဆုံးမှု နေတိုး ဝန်ခံ
လစ်ဗျားအရပ်သား သေဆုံးမှု နေတိုး ဝန်ခံ

မြောက်အတ္တလန္တိတ်စာချုပ် (နေတိုး) တပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မတော်တဆ သေဆုံးရတဲ့ အရပ်သားတွေ ရှိကြောင်း နေတိုးအဖွဲ့က ဝန်ခံပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က ထရီပိုလီ (Tripoli) မြို့က စစ်တပ်ရဲ့ ဒုံးကျည်ပစ်လွှတ်တဲ့ နေရာကို ပစ်မှတ်ထားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ လက်နက်စနစ် ချို့ယွင်းမှုကြောင့် ပစ်မှတ်နဲ့ လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သား ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြောင်း နေတိုးက ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က လူနေရပ်ကွက် တခုကို စစ်လေယာဉ်နဲ့ မှားယွင်း တိုက်ခိုက်မိလို့ ကလေး ၂ ဦး အပါအဝင် အရပ်သား ၉ ယောက် သေဆုံးခဲ့ရတယ်လို့ လစ်ဗျား အာဏာပိုင်တွေဘက်က ပြောဆိုပါတယ်။ ဒီလို လူသေစေတဲ့ မှားယွင်းတိုက်ခိုက်မှုဟာ မဟာမိတ် တပ်ဖွဲ့တွေရဲ့ ဒုတိယအကြိမ် ဝန်ခံပြောဆိုမှု ဖြစ်ပါတယ်။

အစိုးရနဲ့ သူပုန်တပ်ကြား ရှေ့တန်းက ရေနံကြွယ်ဝတဲ့ ဘရီဂါ (Brega) မြို့နားမှာ သူပုန်တပ် စစ်ကြောင်းတခုလည်း စနေနေ့က နေတိုး တိုက်ခိုက်မှုကြောင့် မတော်တဆ ထိမှန်ခံခဲ့ရပြီး သေဆုံးသူ ဦးရေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မီစ်ရာတာ (Misrata) မြို့မှာလည်း လူ ၉ ဦး သေပြီး ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆေးဘက် အရာရှိတွေက ပြောပါတယ်။ မီစ်ရာတာမြို့ အနောက်ဘက်မှာတော့ ဂဒါဖီ (Moammar Gadhafi) သစ္စာခံတပ်တွေက လက်နက်ကြီးတွေသုံးပြီး ဒပ်ဖ်နီယာ (Dafniya) ဒေသကို တိုက်ခိုက်ကြတယ်လို့ သတင်းရရှိပါတယ်။

စနေနေ့ကတော့ လစ်ဗျား အစိုးရက အရပ်သားတွေကို တိုက်ခိုက်နေတယ်လို့ မဟာမိတ်တပ်တွေက ပြောဆိုခဲ့ပါတယ်။ ဂဒါဖီတပ်တွေက လစ်ဗျား ပြည်သူတွေကို စနစ်တကျနဲ့ ရက်ရက်စက်စက် တိုက်ခိုက်နေတယ်လို့ ပြောခွင့်ရသူ အိုအာနာ လွန်ဂက်စ်ကူး (Oana Lungescu) က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG