သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO အစည်းအဝေး ရုရှား-ယူကရိန်းတင်းမာမှု ဦးစားပေးဖွယ်ရှိ


NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg
NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg

မနက်ဖြန်အင်္ဂါနေ့ကျင်းပမယ့် NATO အဖွဲ့စည်းဝေးပွဲမှာ ယူကရိန်းရေတပ်သင်္ဘောတွေ ရုရှားဖမ်းထားတဲ့ကိစ္စကို ဦးစားပေးဆွေးနွေးကြမယ့်ပုံရပါတယ်။

Belgium နိုင်ငံ Brussels မြို့တော်မှာ ၂ ရက်ကျင်းပမယ့် NATO အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တက်ရောက်မှာဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ရေးအသုံးစရိတ်ကို ပိုပြီးထည့်ဝင်သုံးစွဲကြဖို့ အမေရိကန်က တောင်းဆိုနေတဲ့ကိစ္စကိုလည်း ဆွေးမယ်လို့ မျှော်လင့်ရပါတယ်။

ရုရှားတို့သိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်း Crimea ဒေသကမ်းလွန်က Kerch ရေလက်ကြားမှာ ယူကရိန်းရေတပ်သင်္ဘော ၂ စင်းကို ရုရှားကပစ်ခတ်ပြီး ဆွဲသင်္ဘောတစီးကို ဝင်တိုက်ခဲ့ပြီးနောက် ၂ နိုင်ငံကြားမှာ စစ်ပွဲဖြစ်ပွားမယ့်အထိ အခြေအနေတင်းမာနေတယ်လို့ ယူကရိန်းအစိုးရက ပြောကြားခဲ့ပါတယ်။ သင်္ဘောတွေအပြင် သင်္ဘောသား ၂၃ ယောက်ကိုလည်း ရုရှားတို့ဖမ်းဆီးထားပါတယ်။

ရုရှားဖက်ကတော့ Azov ပင်လယ်ထဲမှာ ယူကရိန်းဖက်က ရန်စတဲ့လုပ်ရပ်လုပ်ခဲ့တယ်လို့ အပြစ်တင်ပါတယ်။ ရုရှားရဲ့ လုပ်ရပ်အပေါ် NATO မဟာမိတ်တွေအနေနဲ့ သင့်တော်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ဖို့ သမ္မတ Petro Poroshenko ကတောင်းဆိုခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းမျှဝေအသုံးပြုဖို သဘောတူထားတဲ့ Azov ပင်လယ်ကို NATO ကစစ်သင်္ဘောတွေစေလွှတ်ဖို့ လိုလားနေတာပါ။ NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ Azov ပင်လယ်နဲ့ Kerch ရေလက်ကြားမှာ ယူကရိန်းသင်္ဘောတွေလွတ်လပ်စွာသွားလာနိုင်ရေးနဲ့ ယူကရိန်းဆိပ်ကမ်းတွေကို အတားအဆီးသွားလာနိုင်ရေး ရုရှားကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG