သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုး ထောက်ပံ့ရေးလမ်းကြောင်း ပါကစ္စတန် ပိတ်ဆို့


နေတိုး ထောက်ပံ့ရေးလမ်းကြောင်း ပါကစ္စတန် ပိတ်ဆို့
နေတိုး ထောက်ပံ့ရေးလမ်းကြောင်း ပါကစ္စတန် ပိတ်ဆို့

နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နယ်ခြားဒေသမှာ စစ်သား ၃ ယောက် သေဆုံးခဲ့ရကြောင်း ပါကစ္စတန်က ပြောဆိုခဲ့ပြီးနောက် နေတိုးတပ်ဖွဲ့တွေရဲ့ အာဖဂန်နိုင်ငံကို အဓိက ထောက်ပံ့နေတဲ့ လမ်းကြောင်းကို ပါကစ္စတန်က ပိတ်လိုက်ပါတယ်။

မကြာသေးခင် ရက်တွေအတွင်း စတုတ္ထအကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် ပါကစ္စတန် တာဝန်ရှိသူတွေက ပြောဆိုလိုက်တဲ့ နေတိုးတပ်ဖွဲ့ရဲ့ ကြာသပတေးနေ့က လေကြောင်းစီးနင်းမှု အပြီး နာရီပိုင်း အတွင်းမှာပဲ ပါကစ္စတန်နိုင်ငံ ခိုင်ဘာ လူမျိုးစုဒေသက တော်ခမ် (Torkham) နယ်စပ်ဂိတ်ကို ပိတ်လိုက်လို့ နိုင်ငံတကာ တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးကားတွေ၊ လောင်စာတင်ကားတွေ စုပုံနေခဲ့ကြတာပါ။

လုံခြုံရေးအတွက် ယာဉ်တန်းတွေကို ရပ်တန့်ခဲ့တာလို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောဆိုခဲ့ပေမဲ့ အသေးစိတ်တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ကြာသပတေးနေ့ အစောပိုင်းတုန်းက အာဖဂန်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ကူရ်ရမ် (Kurram) လူမျိုးစု ဒေသက စစ်ဆေးရေး စခန်းတခုက နယ်ခံစစ်သားတွေကို နေတိုး ရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ပါကစ္စတန် တပ်ဖွဲ့တွေက သတိပေး ပစ်ခတ်ခဲ့တာကို ရဟတ်ယာဉ်တွေက တုံ့ပြန်ပြီး ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး နောက်ထပ် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ စစ်တပ် ပြောခွင့်ရသူက ဆိုခဲ့တာပါ။

အနီးအနားမှာပဲ နောက်ထပ် နေတိုးရဲ့ လေကြောင်း တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ ရသူတော့ မရှိခဲ့ဘူးလို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နိုင်ငံ ပက်ခ်တီယာ (Paktia) ပြည်နယ်က ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး ပါကစ္စတန် လေပိုင်နက်ထဲကို ကြာသပတေးနေ့က ခေတ္တ ဝင်ရောက်ခဲ့တယ်လို့ နေတိုးတပ်ဖွဲ့ကတော့ ပြောခဲ့တာပါ။

အစောပိုင်း တိုက်ခိုက်မှုအပြီး ညွန့်ပေါင်းတပ်ဖွဲ့ လေယာဉ်တွေကို ပါကစ္စတန် ပိုင်နက်ထဲကနေ ပစ်ခတ်တာတွေ ခံခဲ့ရတယ်လို့လည်း နေတိုးတပ်ဖွဲ့က ပြောပါတယ်။

ဒီနောက် တိုက်ခိုက်မှုကို ခုခံဖို့ ညွန့်ပေါင်းတပ်ဖွဲ့ ရဟတ်ယာဉ်တွေ ပါကစ္စတန် လေပိုင်နက်ထဲဝင်ပြီး လက်နက်ကိုင် အများအပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ နေတိုး တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG