သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မြို့တော်အနီး နေတိုးယာဉ်တန်း အတိုက်ခံရ


ပါကစ္စတန်နိုင်ငံမြို့တော် အပြင်ဘက်က ကုန်တင်ကားတွေ ရပ်နားရာ နေရာမှာ သေနတ်သမားတွေက တိုက်ခိုက်ခဲ့ပြီး အာဖဂန်က နေတိုးတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးတွေ ပို့ဆောင်ပေးမယ့် ကုန်တင်ကားနဲ့ ဓာတ်ဆီတင်ကားတွေ ပါဝင်တဲ့ ယာဉ်တန်းကို မီးတင်ရှို့ခဲ့ကြပါတယ်။

မြို့တော် အစ္စလမ္မာဘတ် အပြင်ဘက် ၆ မိုင်ကျော်လောက် ဝေးတဲ့ နေရာက အဝေးပြေး ယာဉ်စခန်းကို သေနတ်သမား ၁၀ ယောက်၊ ၁၅ ယောက်လောက်က ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကုန်တင်ကား အစီး ၆၀ လောက်ကို မီးရှို့ခဲ့ကြတာလို့ ပါကစ္စတန် အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့တာပါ။ ဒီနောက်မှာတော့ တိုက်ခိုက်သူတွေဟာ ကားတွေ မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲ ကုန်တင်ကားမောင်းသူတွေ ပါတယ်လို့လည်း ပြောခဲ့တာပါ။ တိုက်ခိုက်မှုဖြစ်စဉ် ကုန်တင်ကား တစီးထဲမှာ ထိုင်နေတဲ့ ကားသမား တယောက်ကတော့ သေနတ်သမားတွေက ကားမောင်းတဲ့သူတွေကို သတ်ဖို့နဲ့ တယောက်မှ အလွတ်မပေးဖို့ အော်ဟစ်ပြောဆိုသံကို ကြားခဲ့ရကြောင်း ပြန်ပြောပြခဲ့ပါတယ်။

အာဖဂန်နိုင်ငံမှာရှိတဲ့ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ပေးနေတဲ့ ယာဉ်တန်းတွေကို စစ်သွေးကြွတွေက တိုက်ခိုက်မှုဟာ ဒီတကြိမ် ပထမဆုံး မဟုတ်ပေမဲ့ မြို့တော်နဲ့ နီးနီးကပ်ကပ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကတော့ ပထမဆုံး ဖြစ်ရပ်တခုပါ။

အာဖဂန်နိုင်ငံမှာ စစ်သွေးကြွတွေက ရဟတ်ယာဉ်တစင်းကို ပစ်ချခဲ့လို့ နေတိုးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခဲ့ပါတယ်။ အာဖဂန်နိုင်ငံ တောင်ပိုင်းက ဟယ်လ်မန်း ပြည်နယ်မှာ ရဟတ်ယာဉ်တစင်း ပစ်ချခံခဲ့ရတဲ့အကြောင်း နေတိုး တာဝန်ရှိသူတွေက ပြောဆိုခဲ့သလို တာလီဘန်တွေကတော့ ရဟတ်ယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။

ဟယ်လ်မန်း ပြည်နယ်ထဲမှာပဲ နောက်ထပ် တနေရာမှာတော့ လမ်းဘေးထောင်ဗုံးတလုံး ပေါက်ကွဲခဲ့လို့ ဗြိတိသျှ တပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါနဲ့ဆိုရင် တနင်္လာနေ့ကစလို့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံခဲ့ရတဲ့အတွက် နေတိုးတပ်ဖွဲ့ဝင် ၁၇ ယောက်အထိ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG