သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ကာကွယ်ရေး NATO တပ် အဆော တလျင် စေလွှတ်မည်


ယူကရိန်းသမ္မတနဲ့ NATO ခေါင်းဆောင်များ ဆွေးနွေး။
ယူကရိန်းသမ္မတနဲ့ NATO ခေါင်းဆောင်များ ဆွေးနွေး။

ရုရှားနိုင်ငံရဲ့ နောက်ထပ် စစ်ရေးကျူးကျော်မှုတွေကို တားဆီးဖို့အတွက် အရှေ့ဥရောပမှာ စစ်လက်နက် ပစ္စည်းတွေ၊ တပ်ဖွဲ့ဝင်တွေ နေရာချထားဖို့ NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင် ခေါင်းဆောင်တွေ သဘောတူညီလိုက်ကြပါပြီ။ ဒီကနေ့ သောကြာနေ့မှာ နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေး အဆုံးသတ်အပြီး NATO အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က Operation Spearhead အစီအစဉ်ကို ကြေညာခဲ့တာပါ။ တပ်ဖြန့်ချထားမှုအတွက် ပိုလန် ရိုမေးနီးယားနဲ့ ဘောလ်တစ် နိုင်ငံတွေက၊ တပ်ဖွဲ့ဝင်တွေ ခေတ္တအခြေစိုက်ရာ အိမ်ရှင်နိုင်ငံတွေအဖြစ် လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း Mr Rasmussen က ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် David Camron ကလည်း NATO တပ်ဖွဲ့ ဖြန့်ချထားရေးအစီအစဉ် အတွက် တပ်ဖွဲ့ဝင်ပေါင်း ၃၅၀၀ ထိ အားဖြည့်ပေးမယ်လို့ ကြေညာပြီး ဥရောပမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ NATO အင်အားကို တိုးမြှင့်ရမယ်ဆိုပြီး ပြောပါတယ်။ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးအပြီး အခုလို ပြောဆိုလိုက်တာပါ။

ဒီထိပ်သီးအစည်းအဝေးအပြီးမှာတော့ သမ္မတ အိုဘားမား မိန့်ခွန်းပြောကြား မှာလည်း ဖြစ်ပါတယ်။ ယူကရိန်းခွဲထွက်ရေးသမားတွေအပေါ် ကူညီနေတဲ့ ရုရှားနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ NATO အစည်းအဝေးအတွင်းမှာ ဆွေးနွေးခဲ့ကြတာပါ။

NATO အဖွဲ့ အစည်းအဝေးအတွင်း ယူကရိန်းအရေး ဆွေးနွေးမှုတွေ လွှမ်းမိုးနေပေမယ့် အီရတ်နဲ့ ဆီးရီးယား မှာ အင်အားကြီးထွားလာနေတဲ့ ISIS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့အပေါ် ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ကိစ္စအပေါ်မှာလည်း အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ အစောပိုင်းတုန်းကတော့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Phillip Hammond က ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေကို ဆက်လုပ်သွားမှာ ဖြစ်ပေမယ့် ဒီကနေ့ သောကြာနေ့မှာလုပ်မယ့် ငြိမ်းချမ်းရေးအစည်းအဝေးရလာဒ်အပေါ် မူတည်ပြီး အပြောင်းအလဲ လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG