သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO အရေးပေါ် အစည်းအဝေးခေါ်ယူ


ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ Kurds သူပုန်တွေနဲ့ နှိမ်နင်းရေးနဲ့ ပတ်သတ်ပြီး NATO ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့က ဒီကနေ့ အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူနေတဲ့ အချိန်မှာပဲ - တူရကီသမ္မတ Recep Tayyip Erdogan က သူ့တို့ကိုနှိမ်နင်းရေး ကြိုးပမ်းမှုကို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ ကတိပြုသွားပါတယ်။

Ankara လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတော့ Mr. Erdogen က “အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ဘာကြောင့်မှ နောက်ပြန်မဆုတ်ဘူး။ ဒါဟာ ပြီးဆုံးအောင်လုပ်ရမယ့် လုပ်ငန်းစဉ်တခုပါ။ ရည်ရွယ်ချက် မပြောင်းမလဲ ဆက်လုပ်သွားပါမယ်” - လို့ ပြောသွားပါတယ်။

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့

မဟာမိတ် တူရကီနိုင်ငံနဲ့အတူ ကျနော်တို့ သွေးစည်းညီညွတ်စွာ ရပ်တည်နေပါတယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာ တံခါးပိတ်ဆွေးနွေးပွဲ မကျင်းပခင်ကတည်းက ပြောသွားပါတယ်။ ဆီးရီးယားနဲ့ အီရတ်က ပဋိပက္ခအရေး ဆွေးနွေးဖို့ တူရကီရဲ့ တောင်းဆိုချက်နဲ့ ဒီကနေ့ အင်္ဂါနေ့မှာ ထူးခြားတဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူထားတာပါ။

တရုတ်နိုင်ငံ ခရီးစဉ်အတွက် မထွက်ခွာခင်လေးမှာပဲ Ankara လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တော့ Mr. Erdogen က NATO ခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်တာတွေ လုပ်ဆောင်သွားမယ်လို့ ယုံကြည်ကြောင်းလည်း ပြောသွားပါတယ်။ တူရကီအစိုးရက NATO စတင်တည်ထောင်တဲ့ စာချုပ်ရဲ့ အပိုဒ် ၄ အရ အခုလို အစည်းအဝေးခေါ်ယူဖို့ ပန်ကြားတာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှု၊ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ ယူဆရင် အခုလို NATO အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး အကြံဉာဏ်ပေးဖို့ NATO စာချုပ် အပိုဒ် ၄ မှာ ပြောထားပါတယ်။ NATO စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်ကစပြီး အခုထိ ဒီလို အစည်းအဝေး ခေါ်ရတာ ၅ ကြိမ်ပဲ ရှိပါသေးတယ်။

တနင်္လာနေ့ကတော့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကနေ IS တွေကို ရှင်းလင်းပစ်ဖို့ ထိုးစစ်တခုအတွက် တူရကီနဲ့ လက်တွဲ လုပ်ဆောင်နေပါတယ်ဆိုပြီး အမေရိကန်အစိုးရက ပြောသွားပါတယ်။ ဒါဆိုရင် ဒေသတွင်း စစ်သွေးကြွတွေ ချေမှုန်းရေးမှာ တူရကီအနေနဲ့ ပိုပြီးပါဝင်လာလိမ့်မှာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG