သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်


ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်
ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

လူမှုရေးလုပ်ငန်းဆောင်ရွက်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ (၃၃) က နဲ့ တရားစွဲခံထားရရာကနေ ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးက သူ့ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။

ဗိုလ်ကြီးဟောင်းကိုနေမျိုးဇင်ဟာ သွေးအကူအညီပေးရေးအပါအဝင် ပရဟိတလုပ်ငန်းတွေ လုပ်နေရာကနေ ၂၀၁၁ ဧပြီလအတွင်းက ထိန်းသိမ်းခံခဲ့ရတာပါ။

သူ့ကို သြဂုတ်လ ၂၆ ရက်နေ့မှာပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ တရားသူကြီးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာ ဖြစ်ကြောင်း ညီဖြစ်သူက အခုလိုပြောပါတယ်။

“တရားရုံးက ကျနော့်အစ်ကို ကို အီလက်ထရောနစ်ဥပဒေနဲ့ ဆိုပြီးတော့ (၃၃) က နဲ့ ချလိုက်တာပေါ့။ အဲဒါ ထောင် ၁၀ နှစ် ချလိုက်ပါတယ်။ အခု ရှေ့နေကတော့ ဆက်လက်ပြီးဆောင်ရွက်ဖို့အတွက် သူတို့ တိုင်ပင်နေပါတယ်။ ဆွေးနွေးနေပါတယ်။ သူတို့စွဲချက်တွေကတော့ အများကြီးပါပဲ။”

တပ်မတော်ကိုဝေဖန်တဲ့ ဆောင်းပါးတွေရေးသားမှု အပါအဝင် နိုင်ငံတော်လုံခြုံရေးကိုထိခိုက်တယ် ဆိုပြီး အင်းစိန်ထောင်တွင်း ရန်ကုန်မြောက်ပိုင်း ခရိုင်တရားသူကြီးကနေ ရဲအထူးသတင်းတပ်ဖွဲ့ဝင် သက်သေတွေကို ထုတ်ပြပြီး အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးလှမျိုးမြင့်က အခုလိုပြောပါတယ်။

“သတင်းတပ်ဖွဲ့က SB ရဲ့ ရဲသက်သေတွေက အဓိကပါပဲ။ ရဲသက်သေ ၄ ယောက်က အဓိကထားပြီးတော့ သူက ဘာတွေ သိမ်းဆည်းရမိသလဲဆိုတော့ အင်တာနက်နဲ့ဆက်ပြီးတော့ သူ့ရဲ့ လက်တော့ ကွန်ပျူတာကနေ ဒေါင်းလော့ လုပ်ပြီးတော့ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိတယ်။ အဲဒီ စာရွက်စာတမ်းတွေက ဘာတွေပါလဲဆိုတော့ဗျာ၊ တပ်မတော်ကို ဝေဖန်ရေးထားတဲ့ ဆောင်းပါး ပါတယ်ဗျာ။ အဲဒီဆောင်းပါးအရပေါ့။ အဲဒီဆောင်းပါးမှာ ဘာတွေပါလဲဆိုတော့၊ သူရေးတယ်လို့ စွပ်စွဲထားတာပေါ့ဗျာ။ ကျနော်တို့ဘက်ကတော့ သူရေးတာမဟုတ်ဘူးလို့ ငြင်းတာပေါ့ဗျာ။ အဓိကအချက်ကတော့ အရင်တုန်းက တပ်မတော်သားကြီးတွေက သေတဲ့အခါကျရင် လွတ်လပ်ရေးရမှ အမျှဝေပါတို့ ပြောခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ဗိုလ်မှူးအောင်လင်းထွဋ် ပြောခဲ့တဲ့အကြောင်းအရာတွေ ပါတာပေါ့ဗျာ။ အဲဒါတွေကို ဖော်ပြထားလို့ဆိုပြီးတော့ တပ်မတော်ကို ဝေဖန်တဲ့ဆောင်းပါးကို ရေးတယ်ဆိုပြီးတော့ နိုင်ငံတော်လုံခြုံရေးနဲ့ ထိခိုက်တယ်ဆိုပြီးတော့ (၃၃) က နဲ့ အမိန့်ချတယ်ပေါ့ဗျာ။ မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့ကို ဝင်တယ်ဆိုပြီးတော့ အဲဒီစွပ်စွဲချက်လည်း ပါတယ်ခင်ဗျ။”

ကိုနေမျိုးဇင်ကို စွဲဆိုထားချက်တွေနဲ့ပတ်သက်ပြီး ရှေ့နေဘက်ကတော့ ခုခံချေပခွင့်တွေရခဲ့ပေမဲ့ ရဲအထူးသတင်းတပ်ဖွဲ့ဘက်က စွဲချက်တင်ဖို့အတွက် သက်သေခံ အထောက်အထားတွေအဖြစ် အသုံးပြုခဲ့တဲ့ စာရွက်စာတမ်းတွေဟာလည်း တရားဝင်မူမရှိဘူးလို့ ရှေ့နေဖြစ်သူ ဦးလှမျိုးမြင့်က ဆိုပါတယ်။

“ဒီစာရွက်စာတမ်းတွေက သူဆီက ရတယ်ဆိုပေမဲ့လည်း သူ့ကိုစစ်တဲ့အတွက်ကြောင့် ဘာပေါ်လာလဲဆိုတော့ password ပေါ့ဗျာ၊ username နဲ့ password ကိုရပြီးတော့ အဲဒါကို အင်တာနက်ကနေ ဒေါင်းလော့ လုပ်ပြီးတော့ ဒီစာရွက်စာတမ်းတွေကို ထုတ်တယ်။ ဒီစာရွက်စာတမ်းတွေကို ထုတ်တဲ့အခါမှာ သူ့နံမည်မပါဘူး။ နီတိုးညိမ်း ဆိုတဲ့ Pen name ရယ်၊ ရွှေဂန်း ဆိုတဲ့ pen name ပေါ့။ အဲဒီ pen name နှစ်ခုနဲ့ ရေးထားတဲ့ဟာပဲ။ နေမျိုးဇင် ဆိုတဲ့ နံမည်အရင်းနဲ့ ရေးထားတာမပါဘူး။ မပါတဲ့အခါကျတော့ သူ့စာရွက်စာတမ်းတွေကို ထုတ်ဖို့ဆိုတာက စင်ကာပူက သူ့သူငယ်ချင်းတယောက်ရဲ့ အကောင့်ကို သူက ထုတ်ပြောလိုက်တဲ့အတွက်ကြောင့် google မှာ privacy policy ဆိုတဲ့ center ရှိတယ်။ အဲဒီ privacy policy center မှာ card verification ဆိုတဲ့ လျှောက်လွှာနဲ့တင်ပြီးတော့မှ ခွင့်ပြုချက်ရမှ ထုတ်ရမယ့်စာရွက်စာတမ်း တခုကို SB က သူတို့သဘောနဲ့သူတို့ ကွန်ပျူတာကနေ ထုတ်ယူပြီးတော့မှ အဲဒီ ထုတ်ယူရရှိတဲ့ဟာနဲ့ တရားစွဲတယ်။ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ (၂) မှာပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့ မညီဘူးခင်ဗျ။ အဲဒီအကြောင်းတွေကို ကျနော်တို့ဘက်ကတော့ တင်ပြတာပေါ့ဗျာ။ သူတို့ကတော့ လက်မခံဘူးပေါ့ဗျာ အဓိကအချက်ကတော့။”

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နယ်မြေခံ အထူးသတင်းတပ်ဖွဲ့က ဧပြီလ ၂ ရက်နေ့က အကြောင်းပြချက် မပေးဘဲ ဖမ်းဆီးသွားပြီးတဲ့နောက် အောင်သပြေစစ်ကြောရေးစခန်းမှာ ညှင်ပမ်းနှိပ်စက်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် အင်းစိန်ထောင်ကို ဧပြီလ၂၉ ရက်နေ့မှာပို့ဆောင်ခဲ့ပါတယ်။

သူဟာ တောင်ကြီးအခြေစိုက် တပ်ထိန်းတပ် (၂၆၂) မှာတာဝန်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ တပ်ကနေ အနားယူခဲ့ပြီး လူမှုရေးနဲ့ပရဟိတလုပ်ငန်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်တွေနဲ့အတူ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG