သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အကြို နေပြည်တော်မှာ ဈေးဆိုင်တွေ စောစောပိတ်ဖို့ အမိန့်ထုတ်


လွှတ်တော်အကြို နေပြည်တော်မှာ ဈေးဆိုင်တွေ စောစောပိတ်ဖို့ အမိန့်ထုတ်
လွှတ်တော်အကြို နေပြည်တော်မှာ ဈေးဆိုင်တွေ စောစောပိတ်ဖို့ အမိန့်ထုတ်

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ လွှတ်တော်စတင်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ လုံခြုံရေးတွေကို တိုးမြှင့်ထားသလို ဈေးဆိုင်တွေကိုလည်း အချိန်စောပြီး ပိတ်ခိုင်းနေပါတယ်။ အခုလို နေပြည်တော်မှာ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ၃၁ ရက်နေ့ကျရင် လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ ဒီရက်ပိုင်းတွေ အတွင်းကစလို့ လုံခြုံရေး တင်းကျပ်မှုတွေ အတော်လေး စတင်နေပါပြီ။ လာမယ့် ကြာသပတေး ဇန်နဝါရီ ၂၇ ရက်နေ့ကစလို့ နေပြည်တော်၊ ပျဉ်းမနားမြို့တွေမှာရှိတဲ့ စားသောက်ဆိုင်နဲ့ တခြားအရောင်းဆိုင်တွေ အားလုံးကို ညနေ ၆ နာရီနောက်ပိုင်း ပိတ်ဖို့ အာဏာပိုင်တွေက အကြောင်းကြားထားတယ်လို့ ပျဉ်းမနားက စားသောက်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

“၂၇ ရက်နေ့ကစပြီး ညနေ ၆ နာရီ ပိတ်ရမယ်လို့ အကြောင်းကြားထားပါတယ်။ ပျဉ်းမနားဘက်ရော၊ နေပြည်တော် မြို့မဈေးတို့၊ သပြေကုန်းဈေးတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်တွေအားလုံး။ ပြန်ဖွင့်ရမယ့် ရက်ကိုတော့ အကြောင်းကြားမယ်လို့ ပြောတယ်။ အခုထိ မပြောသေးတော့ လွှတ်တော်ပြီးမှပဲ ပြန်ဖွင့်ရမယ့် အခြေအနေပါပဲ။ နေပြည်တော်မှာက အဲဒီလို ဆိုင်ပိတ်ဆိုရင် ညမထွက်ရ အမိန့်လိုပဲ မထွက်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ တခုခု ပိတ်ဆိုတာနဲ့ နေပြည်တော်က လူတွေက ညမထွက်ရဲတော့ဘူး၊ မထွက်ကြတော့ဘူး။ အိမ်ထဲပဲ နေလိုက်ကြတာပဲ။ အဲဒီလို ထုံးစံဖြစ်နေပါပြီ။”

တခါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစလို့ လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်မှုတွေ စတင်နေပြီ ဖြစ်သလို မြို့ဝင်မြို့ထွက် ဂိတ်တွေကိုလည်း အထူးစစ်ဆေးပြီး ညဘက်ဆို ဧည့်စာရင်းတွေ စစစ်နေပြီလို့ သူက ပြောပါတယ်။

“ရဲကားတစီးမှာ ရဲ ၃၀ လောက်ဆန့်တဲ့ကား ၄ စီးလောက်ရယ်၊ ရှေ့က ဝါယာလက်ကားရယ်၊ ရဲမော်တော်ဆိုင်ကယ် ၂ စီး၊ ၃ စီးရယ်က ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး ည ၉ နာရီဆို မြို့ထဲမှာ စပတ်ပါတယ်။ မြို့ထဲမှာ အမှတ် ၁ ရဲစခန်းရှေ့က ထွက်တယ်။ ရာဇသင်္ဂဟလမ်းပေါ် တက်တယ်။ ပြီးတော့ ရာဇဌာနီလမ်းကိုသွား၊ ဟိုး နေပြည်တော် ကားဝင်းကို ပြန်၊ ပြီးတော့မှ အရှေ့ဘက်ကနေ ပျဉ်းမနားမြို့ထဲကို ပြန်ဝင်၊ ပျဉ်းမနားမြို့ထဲမှာ တပတ် ပတ်ပြီးတော့မှ နေပြည်တော် အမှတ် ၁ ရဲစခန်းကို ပြန်ဝင်သွားတာပေါ့။ ဧည့်စာရင်းကတော့ ရပ်ကွက်တိုင်းမှာ တော်တော်ကြီးကို ပိုက်စိတ်တိုက် စစ်နေပါတယ်။”

ဒီလို လုံခြုံရေး လှည့်ကင်းတွေ၊ တခါ ညနေ ၆ နာရီနောက်ပိုင်း ဆိုင်မဖွင့်ရ ဆိုတဲ့အတွက် မြို့ခံတွေဟာ ညဘက်မှာ အပြင်မထွက်ရဲကြတော့ဘဲ သွားလာမှုတွေ နည်းသွားကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် ညပိုင်းဖွင့်ကြတဲ့ ကျူရှင်တွေ၊ စာကျက်ဝိုင်းတွေ ဒီရက်ပိုင်းတွေအတွင်း ပိတ်ထားမယ် ဆိုတာကြောင့် စာမေးပွဲ နီးလာပြီဖြစ်တဲ့ ၁၀ တန်းကျောင်းသားတွေ အခက်အခဲ ဖြစ်ကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ အခုလို လုံခြုံရေး တင်းကျပ်နေသလို လွှတ်တော် ၃ ရပ်အတွက် တက်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ကန့်သတ်ချက်တွေ ထုတ်ထားပါတယ်။ လုံခြုံရေးအရ လွှတ်တော်တွင်း မယူရဆိုတဲ့ ပစ္စည်းတွေ စာရင်းကို လွှတ်တော်တက်ဖို့ ဖိတ်စာနဲ့ တခါတည်း ပူးတွဲ ပေးပို့ထားတာတွေ ရှိပါတယ်။ အခု လွှတ်တော်တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ကိုယ်စားလှယ် တချို့ထဲက အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီရဲ့ ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ သူနောက်ဆုံးသိရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အဓိကကတော့ လက်ကိုင်ဖုန်းပေါ့၊ ကွန်ပျူတာ၊ ပြီးတော့ လက်ဆွဲအိတ်၊ လွယ်အိတ်၊ ခေါင်းပေါင်းဘူး၊ ကျန်တာကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါတဲ့အခါကြတော့ လက်နက် မယူရဘူး၊ လက်နက် ခဲယမ်းမီးကျောက် အဲဒါတွေ မယူရဘူး။ ကန့်သတ်ချက်ကတော့ ကင်မရာပေါ့၊ အဲဒါပါပဲ။ အဲဒီ ပန်ကြားလွှာက ဖိတ်စာနဲ့အတူတူတွဲပြီး ပါတာပါ။ ဖိတ်စာနဲ့တကွပေါ့။ အထဲမှာ ပန်ကြားထားတာ ဖြစ်ပါတယ်။ ထပ်ပြီးတော့ ထပ်မံ ကန့်သတ်တာမျိုး မရှိပါဘူး။”

NDF ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ပြောပြခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၃၁ ရက်နေ့ လွှတ်တော်ကျင်းပတဲ့အခါ သတင်းသမားတွေ သတင်းသွားယူခွင့် ရမလား၊ မရဘူးလားဆိုတဲ့ ကိစ္စကတော့ ဒီနေ့ထိ အတိအကျ မသိရသေးပါဘူး။ နိုင်ငံခြား သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေကြတဲ့ ပြည်တွင်းသတင်းထောက်တွေ စာရင်းကိုတော့ ပြန်ကြားရေးဌာနက မနက်ဖြန်လောက် အကြောင်းကြားနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ပြည်တွင်း သတင်းဂျာနယ်တွေ အတွက်တော့ အခုရက်ထိ စာရင်းတောင်းတာ၊ အကြောင်းကြားတာမျိုး မရှိသေးတာမို့ သတင်းသွားယူခွင့် ရှိမရှိ ဆိုတာတောင် မသိရသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

XS
SM
MD
LG