သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်ဗုံးကွဲ၊ အနည်းဆုံး လူ ၂ ဦးသေ


နေပြည်တော်ဗုံးကွဲ၊ အနည်းဆုံး လူ ၂ ဦးသေ
နေပြည်တော်ဗုံးကွဲ၊ အနည်းဆုံး လူ ၂ ဦးသေ

မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်က ရွှေမြို့နဲ့ တပ်ကုန်းမြို့နယ် ကြားမှာရှိတဲ့ ဆင်သေဘူတာမှာ ဒီကနေ့ ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။ ရန်ကုန်၊ မန္တလေး အဆန်အမှတ် ၃ ရထားဟာ ဆင်သေဘူတာအရောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်၊ မန္တလေး အဆန်ရထား အမှတ် ၃ ဟာ နေပြည်တော်ထဲက ဆင်သေဘူတာကို ဆိုက်ရောက်အပြီး ရထားပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီ ဆင်သေဘူတာဟာ ရွှေမြို့နဲ့ တပ်ကုန်းမြို့ကြားမှာရှိပြီး ရွာအဆင့် ဘူတာငယ်တခုလည်း ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသွားသူတွေလည်း ရှိတယ်လို့ နေပြည်တော် ဒေသခံတဦးက ပြောပါတယ်။

“ညနေ ၄ နာရီလောက်မှာ ရွှေမြို့နဲ့ တပ်ကုန်းဘူတာကြားက ဆင်သေဘူတာမှာ ပေါက်တယ်။ သေဆုံးတာကတော့ လောလောဆယ် ၂ ယောက်လို့ ကြားတယ်။ ဒဏ်ရာရတာတော့ ၆ ယောက်လောက် ရှိတယ်လို့ ပြောတယ်။ သူတို့ စစ်ဆေးစရာရှိတာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။”

အခု ပေါက်ကွဲမှုဖြစ်တဲ့ ဘူတာဟာ နေပြည်တော်က လွှတ်တော် အဆောက်အဦးတွေ၊ အစိုးရရုံးတွေနဲ့ အတော်လေး ဝေးသလို နေပြည်တော်မြို့ရဲ့ အစွန်ဘက်နားမှာရှိတာ ဖြစ်ပါတယ်။ အခင်းဖြစ်ပြီးပြီးချင်း ဘူတာကို ဒေသခံ အာဏာပိုင်တွေက ပိတ်လိုက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပေမဲ့ နေပြည်တော်ထဲမှာတော့ ဒီကနေ့ ညနေပိုင်းထိ ထူးထူးခြားခြား လုံခြုံရေး ချတာမျိုးတွေ မရှိပါဘူးလို့လည်း ပြောပါတယ်။

“နေပြည်တော်ရဲ့ အစွန်မှာဗျ။ နေပြည်တော်ထဲမှာ ပါတယ်ဆိုပေမဲ့ သူကတော့ အဓိက အဆောက်အဦးရှိတဲ့ နေရာတွေနဲ့ဆိုရင် တော်တော်လှမ်းပါတယ်။ လောလောဆယ်မှာတော့ တော်တော်များများ မသိကြဘူးဗျ။ ပုံမှန် လှုပ်ရှားနေကြတာပဲ။ အဓိကကျတဲ့ ဘူတာတော့ မဟုတ်ဘူးဗျ။ သူက ရွာအဆင့်ပဲရှိတယ်၊ ဆင်သေရွာ အဆင့်ပဲ ရှိတဲ့အတွက် လူသားလူလာတော့ သိပ်မရှိဘူး။ ဒါပေမဲ့ သူက ပင်လောင်းဘက်နဲ့ ချိတ်ထားတဲ့အတွက်၊ ပင်လောင်းဘက်ကိုလည်း မီးရထားလမ်း ဖောက်ထားတဲ့အတွက် နောက်ပိုင်းဆိုရင်တော့ စည်ကားလာမှာပါ။”

နေပြည်တော် ဒေသခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုပေါက်ကွဲမှုဖြစ်တဲ့ ဘူတာဟာ ရွာအဆင့်လောက်သာ ရှိတာမို့ လူစည်ကားတဲ့ ဘူတာတခု မဟုတ်ပေမဲ့ ရန်ကုန်၊ မန္တလေး အဆန်ရထားပေါ်မှာ ပေါက်တာမို့ နောက်ထပ် ဒဏ်ရာရသူ ဦးရေတွေ တိုးလာနိုင်သလို အခု ဒဏ်ရာရသွားသူတွေရဲ့ အခြေအနေကလည်း အတော်လေး စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နေပြည်တော်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ချိန်ဟာ အမေရိကန်နိုင်ငံရဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) နေပြည်တော်ကို ရောက်နေပြီး မြန်မာအစိုးရအဖွဲ့က ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေချိန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း အင်းစိန် ကမ်းနားအလယ်မှာ ရှိတဲ့ အောင်ဇေယျ ကြိုးတံတားအနီး ပေါက်ကွဲမှု ဖြစ်ခဲ့လို့ သေဆုံးမှုတွေထိ ရှိခဲ့သလို ဧပြီလ ၃ ရက်နေ့ကလည်း ရန်ကုန် ဆူးလေဘုရားအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးထည့်ထားတဲ့ အိတ်ကို ရှာဖွေတွေ့ရှိတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG