သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြခွင့် ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု


လွှတ်တော်ညီလာခံ ကျင်းပနေပုံ။ (ဓါတ်ပုံ AP)
လွှတ်တော်ညီလာခံ ကျင်းပနေပုံ။ (ဓါတ်ပုံ AP)

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်နဲ့ ချီတက် ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ တတ်နိုင်သမျှ ညီညွတ်စေမယ့် လွတ်လပ်ခွင့်တွေ ရရှိအောင် လွှတ်တော်အမတ်တချို့က အဆိုတင်သွင်း ပြင်ဆင်ခဲ့ပြီးမှ ဒီဥပဒေမူကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီဥပဒေမူကြမ်းကို အောက်တိုဘာ ၃ ရက်၊ တနင်္လာနေ့က ပြည်သူ့လွှတ်တော် အတွင်းမှာ အတည် ပြုလိုက်တာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်ရင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်လို့ မူလဥပဒေကြမ်းမှာ ဖော်ပြထားပေမယ့် လွှတ်တော်ကို တင်သွင်းလာတဲ့အထဲ ကန့်သတ်ချက်တွေ များလွန်းနေတာကြောင့် အတိုက်အခံ လွှတ်တော်အမတ်တချို့က ပြင်ဆင်ချက်တွေ တင်သွင်းခဲ့ကြတာပါ။

"အဲဒီမှာ အပိုဒ်က ၂၂ ပိုဒ်ရှိတာ။ ကျနော် အပိုဒ် ၁၀ (က) ကို ဖြုတ်တာပါ။"

ပြည်သူ့လွှတ်တော်အတွင်း ပြင်ဆင်ချက် တင်သွင်းခဲ့ကြတဲ့ လွှတ်တော် အမတ်တွေထဲက လဲချား မဲဆန္ဒနယ်မြေကိုယ်စားပြု SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် စိုင်းမောင်တင် ပြောပြခဲ့တာပါ။

ဥပဒေမူကြမ်းကော်မီတီက တင်သွင်းခဲ့တဲ့ အဲဒီ အပိုဒ် ၁၀ (က) ပါ အဆိုပြု ပြဌာန်းချက်ကတော့ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းရုံး၊ စက်ရုံ အလုပ်ရုံ၊ အလုပ်ဌာန၊ ဈေး၊ ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ် သင်္ဘောဆိပ်၊ ကားဂိတ်၊ ဆေးရုံးတို့နဲ့ အဆိုပါနေရာတွေကို အနှောက်အယှက် ဖြစ်စေနိုင်သည့် နေရာများတွင် ဆောင်ရွက်ခွင့် မပြုဆိုတဲ့ ကန့်သတ်ချက်တွေ ပါဝင်နေတာပါ။

ဒါပေမယ့် အဲဒီ အဆိုပြု တင်သွင်းတဲ့အထဲမှာဘဲ အများပြည်သူရှိတဲ့နေရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုတယ် ဆိုတဲ့အပိုဒ်တခုကို တွေ့ရပြန်တဲ့အတွက် ရှေ့နောက် မညီဖြစ်နေတာကြောင့် အဲဒါကို ပြင်ဆင်ပေးဖို့ သူတို့ပါတီက အဆိုပြု ပြင်ဆင်ချက် တင်သွင်းလိုက်တာလို့ စိုင်းမောင်တင်က ဆက်ပြောပြပါတယ်။

"အဲဒီ အဆိုပြုချက် ပြဌာန်းချက်အရ ဆိုလို့ရှိရင် ဘယ်လိုပြောထားလဲဆိုတော့၊ အပိုဒ် ၂၊ အပိုဒ်ခွဲ (ခ) မှာ ဘယ်လိုပြောထားလဲဆိုတော့ - ငြိမ်းချမ်းစွာ စုဝေးခြင်း ဆိုသည်မှာတဲ၊ ဒီဥပဒေက သတ်မှတ် ခွင့်ပြုသည့် အများပြည်သူဆိုင်ရာ နေရာတွင်၊ မိမိ သဘောထား ဆန္ဒကို ဖော်ပြရန် အလို့ငှာ တဦးထက်ပိုသူများက သတ်မှတ် စည်းကမ်းများနှင့် အညီ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ရောက်ရှိ၍ ဆိုတဲ့အချက်လေးကို သွားပြီးမြင်တော့ အဲဒီအချက်လေးကို ကျနော် ထောက်တာဗျ။

အဲဒီမှာ အများပြည်သူဆိုင်ရာ နေရာတွင်ဆိုတဲ့ဟာက အခုပြဌာန်းတဲ့၊ ကျနော်ဖြုတ်မယ့် အပိုဒ် ၁၀ ထဲက သူတို့ ဆောင်ရွက်ခွင့်မပြုဆိုတဲ့နေရာ အဲဒီ အပိုဒ် ၁၀ (က) က၊ အဲဒါ အများပြည်သူ ဆိုင်တဲ့နေရာ မဟုတ်ဘူးလားဆိုပြီးတော့ ကျနော်က အဲဒီလို ထောက်တာပါ။ အပိုဒ် ၂၊ အပိုဒ်ခွဲ (ခ) က ခွင့်ပြုထားပြီးတော့ အပိုဒ် ၁၀၊ အပိုဒ်ခွဲ (ဃ) ကိုတော့ ခွင်မပြုထားတာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဤဥပဒေကို (၁) ရှေ့နောက် လိုက်လျော ညီထွေမှု၊ ဆီလျော်မှု ရှိစေရန်၊ (၂) ဒီမိုကရေစီ စံနှုန်း ပိုမို ပီပြင်စေရန်၊ (၃) နေရာ ကန့်သတ်ချက် များလွန်းပါက ပေးကား ပေး၏ မရဟု မယူဆမိစေရန် ဤ အပိုဒ် ၁၀၊ အပိုဒ်ခွဲ (က) ကို
ထည့်သွင်း ပြဌာန်းရန် မလိုအပ်တော့ကြောင်း ပြည်သူ့လွှတ်တော်သို့ အဆို တင်သွင်းအပ်ပါတယ် ဆိုပြီးတော့ ကျနော်တို့ နံမည်နဲ့ ကျနော် တင်သွင်းလိုက်ပါတယ် ခင်ဗျ။"

အခုလို ခွင့်ပြုချက် ကျလာတာကြောင့် အခြေအနေတွေ တိုးတက် ကောင်းမွန်လာတယ်လို့ သူ့အနေနဲ့ မြင်တဲ့အကြောင်း စိုင်းမောင်တင်က သုံးသပ်ပါတယ်။

"တော်တော်လေးတော့ ကောင်းနေပါပြီ။ လူးသာ လွန့်သာရှိတာပေါ့နော်။ ဟုတ်ကဲ့၊ လှုပ်ရှားလို့ ရပါပြီ။ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်။"

SNDP ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းမောင်တင် ပြောပြခဲ့တာပါ။

တခြား လွှတ်တော်အမတ်တွေ ကလည်း ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ ပြင်ဆင် တင်သွင်းတာတွေ ရှိခဲ့တဲ့အထဲ သင်္ကန်းကျွန်းမြို့နယ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ မူလ ဥပဒေမူကြမ်းအတွင်း ကြွေးကြော်ခြင်းနဲ့ အော်ဟစ်ခြင်းကို တားမြစ် ထားတာကြောင့် ကြိုတင် ခွင့်ပြုချက်နဲ့ ကြွေးကြော်ခြင်း၊ အော်ဟစ်ခြင်းတွေ ခွင့်ပြုဖို့ အဆိုသွင်းတာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဥပဒေမူကြမ်းအရ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်လိုသူများ အနေနဲ့ (၇) ရက် ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပြီး အဲဒီ ကြိုတင် အကြောင်းကြားချက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က ၄၈ နာရီအတွင်း ပြန်လည် အကြောင်းပြန်ပေးရမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြု ပေးလိုက်ပေမယ့် အမျိုးသား လွှတ်တော်မှာ အတည်ပြုချက် ထပ်မံ ရယူပြီး သမ္မတက လက်မှတ် ထိုးပေးပြီးမှသာ အတည်ဖြစ်မှာပါ။ အမျိုးသားလွှတ်တော်၊ ဒါမှမဟုတ် သမ္မတက သဘောမတူဘဲ ပြင်ဆင်ချင်တယ် ဆိုရင် ဆွေးနွေး ပြင်ဆင်မှုတွေ ထပ်မံ ပြုလုပ်ကြရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG