Golden State Warriors အသင်းဟာ အမေရိကန်အမျိုးသား ဘတ်စကက်ဘော NBA ချံပီယံအဖြစ် သောကြာနေ့ညက ၄ နှစ်အတွင်း ၃ ကြိမ်မြောက် ဆွတ်ခူးလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာ Warriors အသင်းအနေနဲ့ ၂ နှစ်ဆက်တိုက် NBA ချံပီယံဆုကို ဆွတ်ခူးလိုက်နိုင်တာ ဖြစ်ပါတယ်။
Warriors အသင်းနဲ့ Cleveland Cavaliers အသင်းတို့ Best of Seven ၇ ပွဲ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပေမယ့်လည်း သောကြာနေ့ညက ကစားတဲ့ ၄ ပွဲမြောက် ပွဲစဉ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရထားတဲ့ Warriors အသင်းက Cavaliers အသင်းကို ၁၀၈ မှတ်၊ ၈၅ မှတ်နဲ့ အပြတ်အသတ် အနိုင်ရပြီး ချံပီယံဆုကို ဆွတ်ခူးလိုက်တာ ဖြစ်ပါတယ်။
NBA ဗိုလ်လုပွဲတွေအတွင်း ၄ ပွဲပြတ်အရှုံးနဲ့ ရင်ဆိုင်ရာတာ ၂၀၀၇ နှစ်နောက်ပိုင်းမှာ ဒါဟာ ပထမဆုံးကြိမ် ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကလဲ အခု Cavaliers အသင်းမှာ ကစားနေတဲ့ LeBron James ရဲ့ Miami Heat အသင်းက San Antonio Spurs အသင်းကို ၄ ပွဲပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
Cavaliers အသင်း ၄ ပွဲပြတ်နဲ့ စောစောစီးစီး ရှုံးနိမ့်သွားခဲ့တာကြောင့် ဖိုင်နယ် ပွဲစဉ်တွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတဲ့ ပရိတ်သတ်တွေအတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
သောကြာနေ့က ကစားတဲ့ ပွဲစဉ်မှာ Warriors အသင်းရဲ့ Point Guard တဦးဖြစ်သူ Stephen Curry က ၃၇ မှတ် သွင်းနိုင်ခဲ့ပြီး NBA ဗိုလ်လုပွဲစဉ်တွေအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Kevin Durant ကတော့ ၂၀ မှတ် သွင်းပေးခဲ့ပါတယ်။
အခုနှစ် NBA ဘတ်စကက်ဘော ရာသီအတွင်း အခက်ခဲ အတားဆီးတွေ ရင်ဆိုင်ခဲ့ရတဲ့ကြားကဘဲ Warriors အသင်း အခုလို ဆက်တိုက် အနိုင်ရလိုက်တာကြောင့် အသင်းအနေနဲ့ အောင်မြင်တဲ့ အစဉ်အလာတခုကို တည်ထောင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။