သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ NCA ၅ ဖွဲ့ဆက်လက်ဆွေးနွေး 


စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ဒီနေ့ ဒုတိယနေ့အစည်းအဝေး (ဒီဇင်ဘာ ၂၈၊ ၂၀၂၂/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ဒီနေ့ ဒုတိယနေ့အစည်းအဝေး (ဒီဇင်ဘာ ၂၈၊ ၂၀၂၂/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ဒီနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးကြရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသာမက အရပ်သားများကာကွယ်စောင့်ရှောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို တိုးတက်မှုတရပ်အဖြစ် တတ်ရောက်တဲ့အဖွဲ့တချို့က သုံးသပ်ပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCAလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ဟာ အင်္ဂါနေ့က နှစ်ဖက်ဆွေးနွေးမယ့် အစီအစဉ်တွေကို ကြိုတင်ညှိနှိုင်းခဲ့ပြီး ဒီကနေ့မှာတော့ အစီအစဉ်ပါ ခေါင်းစဉ် ၈ ချက်ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေထဲမှာ အရပ်သားများကာကွယ်စောင့်ရှောက်ရေး Civilian Protection နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး Humanitarian assistance ကိစ္စ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက VOA ကို အခုလို ပြောပါတယ်။

“ အဓိကအားဖြင့်တော့ နှစ်ဘက်ဆွေးနွေးထားတဲ့ Agenda တွေအပေါ်မှာပဲ ဆွေးနွေးဖြစ်ကြတာပါ။ ခေါင်းစဉ်ကတော့ ၈ ချက်ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်ကို ကျမတို့တွေက ဆွေးနွေးကြတယ်။ ဖိတ်စာမှာပါတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံလို့ ပြောထားပေမဲ့လို့ ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာကိစ္စသက်သက်ကိုသာလျှင် ကျမတို့ ဆွေးနွေးတာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အများကြီး စကားပြောဖြစ်ကြတယ်။ ပြီးရင် ဒီနေ့ မြန်မာနိုင်ငံအထဲမှာရှိနေကြတဲ့ ပြည်သူလူထုတွေအတွက်ကို ထည့်သွင်းစဉ်းစားကြတဲ့အချက်တွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဥပမာတခု ထုတ်ဖော်ပြောရမယ်ဆိုရင်တော့ Civilian Protection ၊ humanitarian assistance ကိစ္စတွေလည်း ပါပါတယ်။”

လာမယ့် ၂၀၂၃မှာ စစ်ကောင်စီက ကျင်းပဖို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးတာလည်း ရှိခဲ့ပါတယ်။ လောလောဆယ်မှာောတ့ ဆွေးနွေးပွဲမပြီးပြတ်သေးတာကြောင့် ဆွေးနွေးတဲ့အချက်တွေကို အသေးစိတ် ထုတ်ဖော်ပြောဆိုတာတော့ မရှိခဲ့ပါဘူး။

စစ်ကောင်စီဟာ မေလက စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ၂ ကြိမ်စီ တွေ့ဆုံထားပြီးဖြစ်ပါတယ်။ ပထမအကြိမ်မှာ တဖွဲ့ချင်းစီနဲ့တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ ၂ ဖွဲ့ပေါင်း သို့မဟုတ် ၃ ဖွဲ့ပေါင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ NCA လက်မှတ်ထိုးအဖွဲ့ ၅ ဖွဲ့တို့ ဆွေးနွေးဖြစ်တဲ့အပေါ်မှာတော့ အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် မှတ်ယူကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ PPST မှာပါဝင်နေတဲ့ အဖွဲ့ဝင် ၅ ဖွဲ့က ကိုယ်စားလှယ်များ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဆိုလို့ရှိရင် PPST ရဲ့သဘောထား ရည်မှန်းချက်တွေကိုလည်း ပြောဖြစ်ကြပါတယ်။ တဖွဲ့ချင်းစီ တွေ့တာနဲ့ အုပ်စုလိုက်တွေ့တာဆိုရင် အုပ်စုလိုက် တွေ့တာက ပိုပြီးတော့ အကျိုးရှိတယ်လို့ မြင်ပါတယ်။ ၃ ဖွဲ့ကနေ ၅ ဖွဲ့ကို တက်လာတာဟာဆိုလို့ရှိရင် ကောင်းတဲ့လက္ခဏာဆောင်တယ်လို့ ပြောချင်ပါတယ်။”

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားတာပါ။ လက်ရှိ ဆွေးနွေးပွဲကို PPST မှာ ပါဝင်တဲ့အဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားခဲ့ပေမဲ့ ၅ ဖွဲ့သာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဆွေးနွေးပွဲတွေကို ဒီလ ၃၀ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ခဲ့တာပါ။ ဒီဖိတ်ခေါ်ချက်ကို NCA လက်မှတ်ထိုးအဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မထိုးထားတဲ့အဖွဲ့ ၃ ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]











=======================

XS
SM
MD
LG