သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်တွေ့ အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်မည်


အပစ်ရပ်အဖွဲ့များနဲ့ သမ္မတဦးသိန်းစိန်- NCA အခမ်းအနား။ အောက်တိုဘာ ၁၅၊ ၂၀၁၅။
အပစ်ရပ်အဖွဲ့များနဲ့ သမ္မတဦးသိန်းစိန်- NCA အခမ်းအနား။ အောက်တိုဘာ ၁၅၊ ၂၀၁၅။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ဒီကနေ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက် စာချုပ်ပါ သဘောတူညီချက် အတိုင်း ၂၄ နာရီအတွင်း တပြည်လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး အတွက် အစိုးရကို တိုင်းရင်းသားခေါင်းဆောင် တဦးက တောင်းဆို လိုက်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ ဒီအတွက် တပ်မတော် အပါအဝင် နှစ်ဖက်တပ်တွေက ဆောင်ရွက်နေကြသလို လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေနဲ့လည်း ယခင် လက်မှတ်ရေးထိုး ထားတဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် သဘောတူညီချက် အတိုင်း ဆောင်ရွက် သွားဖို့ရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က နေပြည်တော် ကနေ သတင်းပေးပို့ထားပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ကမ္ဘာ့ အရှည်ကြာဆုံးပြည်တွင်းစစ်ပွဲရပ်စဲရေးအတွက် ပထမဆုံးခြေလှမ်းအဖြစ် စတင်လိုက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ကို နိုင်ငံတော် သမ္မတ အပါအဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ဟာ ပြည်တွင်း၊ ပြည်ပ သက်သေတွေနဲ့ အတူ အတည်ပြု လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးပွဲ အခမ်းအနားဟာ မနက် ၉နာရီမှာ စတင်ပြီး နေ့ခင်း
၁၁ လောက်မှာ ပြီးဆုံးခဲ့ပါတယ်။

တနိုင်ငံလုံး ပစ်ခိုက် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို
လက်မှတ်ရေးထိုး လိုက်တဲ့နောက် စာချုပ်ပါ သဘောတူညီချက်အတိုင်း ၂၄ နာရီအတွင်း တိုက်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် ချင်းအမျိုးသားတပ်ဦးရဲ့ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းက တောင်းဆိုလိုက်ပါတယ်။

“ဒီစာချုပ်မှာ အခုလက်မှတ်ထိုးပြီးပြီ။ အဲဒီစာချုပ်ထဲမှာ သမ္မတကြီးကိုယ်တိုင်လည်း လက်မှတ်ထိုးတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချူပ်နဲ့ ဒုကာကွယ်ရေး ဦးစီးချူပ်လည်း လက်မှတ်ထိုးတယ်။ အခု ကျနော်တို့ စာချုပ်ထဲမှာ ၂၄ နာရီအတွင်း ဒီစာချုပ်ကို တဖက်တပ်တွေကနေပြီးတော့ ဟိုအောက်ခြေအထိ အကြောင်းကြားရမယ် ဆိုတာပါတယ်။ ဆိုတော့ ဒီစာချုပ်ကို လက်မှတ်ထိုးပြီးသားဖြစ် တဲ့ အတွက် ဒီစာချုပ်ကို နှစ်ဖက်တပ်က လိုက်နာရမှာ ဖြစ်ပါတယ်။

အဲ့ဒီ့လို လိုက်နာရမယ်ဆိုတဲ့နေရာမှာ ဒီကနေ့ဖတ်ကြားထားတဲ့အတိုင်း ဒီမှာလာပြီးတော့ လက်မှတ်ထိုးမယ့်လူတွေအတွက်သာ သက်ဆိုင်တာမဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ သက်ဆိုင်တာဖြစ်တယ်။ ထို့အတွက်ကြောင့် အစိုးရကို ကျနော်တောင်းဆိုချင်တာက အခုကနေစပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံ တဝှမ်းလုံးမှာ တိုက်ပွဲတွေအားလုံး ရပ်စဲဖို့ ၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့ရှိနေရင် လည်း တိုက်ပွဲထိုးစစ်ဆင်တာတွေအားလုံး ရပ်စဲဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ အဲဒါမှ ကျနော်တို့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”

စာချုပ်ပါသဘောတူညီချက်အတိုင်း ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်စဲရေးကို အစိုးရဘက်ကရော တိုင်းရင်းသားတွေဘက်ကပါ ဆောင်ရွက်နေကြပြီ လို့လည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်း
ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ၂၄နာရီအတွင်းမှာ လုပ်ရမယ့်အလုပ်တွေကို စလုပ်နေပါပြီ။ ငြိမ်းချမ်းရေးကို ယူချင်တဲ့လူတွေက မငြိမ်းချမ်းတဲ့ဒေသမှာရှိတဲ့လူတွေက ငြိမ်းချမ်းရေးကို ပိုပြီးတော့ လိုချင်ပါတယ်။ ကျနော်တို့ကိုယ်တိုင် လည်း ငယ်တာကနေ ကြီးလာတာဖြစ်ပါတယ်။ ဒီအမိန့်ကို ပဲဆောင့်နေတာပါ။ ဒီအမိန့်က ကျနော်တို့ ဒီမှာ TV မှာ လွင့်မယ်ဆိုတာ အဲဒီရည်ရွယ်ချက်ပါပဲ။ အဲဒါတွေကို အားလုံးသိပြီဆိုရင် ဒီညနေပိုင်းလောက် မှာ နှစ်ဖက်တပ်တွေက ဘောလီဘောပုတ်ကြ၊ ထမင်းအတူချက်စားကြ၊ လဘက်ရည် အတူသောက်ကြ ဒီမြင်ကွင်းတွေကို မြင်စေချင်တာပေါ့နော်။ ဒီအထက်က အမိန့်ကိုပဲ စောင့်နေတာဖြစ်ပါတယ်။”

လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေးကို နှစ်ဘက်လိုက်နာဖို့ လိုအပ်ကြောင်း ဦးအောင်မင်းက ဆက်ပြောပါတယ်။

“ကျန်တဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကတော့ဗျာ၊ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ….. ပြည်နယ် အဆင့်ရှိတယ်။ ပြည်ထောင်စုအဆင့်ရှိတယ်။ အဲဒီစာချုပ်တွေမှာ အကောင်အထည်ဖော်ဖို့ ကတော့ နှစ်ဘက်လိုက်နာရမယ်။ ဒီဘက်ကလည်း လိုက်နာရမယ်၊ ဟိုဘက်ကလည်း လိုက်နာရမယ်။”

လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးဖို့တွက်ကို အစိုးရဖက်ကကော ဒီကနေ့ လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းတွေကပါ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ကတိပြု ပြောဆိုကြ ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကတော့
အရင်ရက်ဆွေးနွေးပွဲမှာထဲက တပ်မတော်ဘက်က ဒီအချက် အပေါ် ဆောင်ရွက်ဖို့ ပြောဆိုထားကြောင်းလည်း ပြောပါတယ်။

“ဟိုတနေ့က ကျနော်တို့ တိုင်းရင်းသားတွေနဲ့ အကြိုညှိနိူင်းပွဲမှာ တပ်မတော်က တာဝန်ရှိတဲ့ ဒုတယ ဗိုလ်ချုပ်ကြီး ရဲအောင်ကတော့ အခု လက်မှတ်ထိုးပြီးချက်ချင်း တပ်မတော်အနေနဲ့ကတော့ သူတို့ရဲ့ ဆက်သွယ်လမ်းကြောင်းတွေကနေ ချက်ချင်းပေါ့လေ သူတို့ဆက်သွယ်ပြီးတော့ အမိန့်ကို deliver လုပ်သွားမယ် လို့ ပြောသွားတာ တွေ့ပါတယ် ခင်ဗျာ။ အဲဒီအတိုင်းပဲ ဆောင်ရွက်မယ်လို့ ကျနော်တို့အနေနဲ့ သိတာပါ ခင်ဗျာ”

မနက်ဖြန်မှာတော့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ သဘောတူထားတဲ့ စာချုပ်ပါအချက်တွေကို အကောင်အထည်ဖော်ရေး အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ကော်မတီ ဖွဲ့စည်းဖို့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊
ဒေသန္တရအဆင့် ဆိုပြီး ၃ ဆင့်နဲ့ ဖွဲ့စည်းသွားဖို့ ရှိပါတယ်။

တချိန်တည်းမှာပဲ အပစ်ရပ်စာချုပ်လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက်လည်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပူးတွဲကော်မတီတရပ် ဖွဲ့စည်းဖို့ရှိနေပါတယ်။ ဒီကော်မတီကတော့ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးရေး မူဘောင်တွေ ရေးဆွဲပြီး ရက်ပေါင်း ၉၀ အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဆောင်ရွက်ဖို့ ရှိနေပါတယ်။

ဒီကနေ့လက်မှတ်ရေးထိုးပွဲအခမ်းအနား သမိုင်းဝင်နေ့ရက် တရက်အဖြစ် ပြောဆို သတ်မှတ်ခဲ့ကြသလို လက်မှတ်ရေးထိုးရာမှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌနှစ်ဦးတို့ ပါဝင် လက်မှတ်ရေးထိုးခဲ့သလို တိုင်းရင်းသားခေါင်းဆောင်တွေဖက်ကလည်း
တဖွဲ့ကို ၃ ဦးကျစီ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးပါတီက ခေါင်းဆောင် ၂၀ ဦး၊ နိုင်ငံတကာ သံတမန် ၆ ဦးက သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအခမ်းအနားကို အမေရိကန် သံအမတ်အပါအဝင် အခြားနိုင်ငံက သံတမန်တွေ၊ လူမှုအသင်းအဖွဲ့တွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG