သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ NCA အဖွဲ့ သဘောတူ


NLD, UNA, EAO တို့၏ ငြိမ်းချမ်းရေးစီစဉ်များဆိုင်ရာ ဆွေးနွေးပွဲကို NLD ဌာနချုပ်ရုံး၌ ပြုလုပ်။
NLD, UNA, EAO တို့၏ ငြိမ်းချမ်းရေးစီစဉ်များဆိုင်ရာ ဆွေးနွေးပွဲကို NLD ဌာနချုပ်ရုံး၌ ပြုလုပ်။

မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့တို့ကနေ တပြည်လုံး အတိုင်းအတာ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အစိုးရသစ်ရဲ့ သဘောထားကို ကြိုဆိုသလို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီး အစည်းအဝေးကနေ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားမယ်လို့လည်း အစည်းဝေး တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ရဲ့ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို မတ်လ(၂၄) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ရာမှာ ဒီကနေ့မှာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။

တိုင်းရင်းသား ထိပ်သီး ညီလာခံရဲ့ဆွေးနွေးပွဲကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ PNLO ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်း က အခုလို ပြောပါတယ်။

“ကျနော်တို့အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးဆောင်ဖွဲ့စည်းပေးတဲ့ သမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရသစ်ကို ကျနော်တို့ လှိုက်လှဲစွာ ကြိုဆိုတယ်။ နောက်အစိုးရသစ်အနေနဲ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပထမ ဦးစားပေးအနေနဲ့ ဖော်ဆောင်သွားမယ်လို့ သဘောထား ချမှတ်ထားတာကိုလည်း ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အကြောင်းပေါ့လေ ဒါတွေကို ကျနော်တို့ထည့်သွင်းပြီးတော့ ထုတ်ပြန်ထားပါတယ်။ အခု လက်မှတ်ရေးထိုးထားတဲ့ ကျနော်တို့ ၈ ဖွဲ့နဲ့တင် မဟုတ်ဘူး ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို ကိုယ်စားပြုပြီးတော့ ပါဝင်နိုင်ဖို့လိုတဲ့အတွက် ဒီလက်မှတ်မရေးထိုးသေးတဲ့ ကျနော်တို့ရဲ့ ညီနောင် အဖွဲ့အစည်းတွေလည်းပဲ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်နိုင်ရေးအတွက်ကို အရေးကြီးတဲ့အကြောင်း၊ ဒီသဘောထားကို ကျနော်တို့ ချမှတ်ခဲ့ပါတယ်။”

ဒီဆွေးနွေးပွဲကနေ လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဦးဆောင် ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ခွန်မြင့်ထွန်း က အခုလို ပြောပါတယ်။

“အခုကျနော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ကော်မတီတရပ်ကိုကျနော်တို့ဖွဲ့စည်းခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးပါဝင်ပြီးတော့ ဒုအဖွဲ့ခေါင်းဆောင်အနေနဲ့ ကျနော်တို့ ဗိုလ်ချုပ်ကြီးယွတ်ဆစ်တို့ပါဝင်တယ်။ ကျနော်တို့ တဖွဲ့စီက တစ်ဦးစီနဲ့ ကျနော်တို့ ဦးဆောင်အဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။”

ငြိမ်းချမ်းရေးဦးဆောင် ကော်မတီအဖွဲ့ကို KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ မူးတူးဆေးဖိုး ကနေ အဖွဲ့ခေါင်းဆောင် တောင်ပိုင်းရှမ်းပြည်တပ်မတော်ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်ကိုတော့ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး ကျန်တဲ့အဖွဲ့က အဖွဲ့ဝင်တဦးကျ ကော်မတီဝင်အဖြစ် ပါဝင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းလုပ်ဆောင်ရာမှာ MPC ခေါ် မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အခန်းကဏ္ဍဟာလည်း အဓိက ပါဝင်နေပါတယ်။ လက်ရှိ အနေအထားအရ အစိုးရသစ် အပြောင်းအလဲကာလမှာ ဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ MPC အဖွဲ့ဟာ သီးခြားအဖွဲ့အနေနဲ့ ဖွဲ့စည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

နောင်လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပိုင်းအတွင်း MPC ပါဝင်လာနိုင်ရေးဟာ အစိုးရအသစ်ရဲ့ ပေါ်လစီမှာ မူတည်တယ်လို့ ခွန်မြင့်ထွန်း က အခုလို ပြောပါတယ်။

“MPC ကတော့ အခုအစိုးရရဲ့ အောက်ကဖွဲ့စည်းရတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုအစိုးရသစ်တဲ့လာတဲ့အခါမှာ MPC မှာ ဒါ ဦးအောင်မင်းတို့ကတော့ တာဝန်မယူတော့တာပဲလို့ ကျနော်အဲ့လိုထင်ပါတယ်။ ဒါကတော့ အစိုးရသစ်ရဲ့ ဆက်ဆံရေး MPC ကို စီမံကွပ်ကဲဖို့ကတော့ အစိုးရသစ်နဲ့ပဲဆိုင်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒါကြောင့်မို့ ဦးအောင်မင်းတို့ကတော့ သူတို့ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆက်လက် ဖော်ဆောင်နိုင်ဖို့အတွက် ခုနလို သီးသန့်လွှတ်လပ်တဲ့အဖွဲ့အစည်းကို ထူထောင်နိုင်ဖို့ ဆောင်ရွက်တာပေါ့လေ။ ဒါကတော့ ကျနော့်အမြင်မှာတော့ စိန်ခေါ်မှုမဟုတ်ပဲနဲ့ ငြိမ်းချမ်းရေးကိစ္စကို ပူးပေါင်းဖြေရှင်းဒါလို့ပဲ ကျနော်တို့ အဲဒီလိုပဲ မှတ်ယူချင်ပါတယ်။”

လက်ရှိမှာ NCA လက်မှတ် မရေးထိုးနိုင်သေးတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မနက်ဖြန်မှာ ဆက်လက် တွေ့ဆုံ ဆွေးနွေးသွားမယ်လို့လည်း ခွန်မြင့်ထွန်း က အခုလို ဆက်ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ကတော့ UNFC ကဖွဲ့စည်းထားပေးတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာအဖွဲ့နဲ့ ကျနော်တို့ ဒီက - ဒီကဖွဲ့စည်းပေးတဲ့ ကိုယ်စားလှယ်အဖွဲ့ ၂ ဖွဲ့ တွေ့ပြီးတော့မှ လက်မှတ်မရေးထိုးသေးတဲ့ညီနောင်တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ ကျနော်တို့အဖွဲ့တွေကြားပေါ့လေ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေရှိထားပြီးသားအပေါ်မှာ ကျနော်တို့အပြန်အလှန် ဆွေးနွေးသုံးသပ်ကြတာတွေ အဲဒါ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ KNU ကရင်အမျိုးသားအစည်းအရုံး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့အဖွဲ့ (၈)ဖွဲ့တို့ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အစရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ကတော့ အားလုံးစုံ မပါဝင်တဲ့အတွက် NCA လက်မှတ်မရေးထိုးနိုင်ခဲ့ပါဘူး။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတွင်းမှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့နဲ့ လက်မှတ်မရေးထိုး နိုင်သေးတဲ့ အဖွဲ့တွေကြားမှာ သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ ဒီလို အမြင်မတူကွဲပြားမှုတွေ ရှိနေပေမဲ့ ဆက်စပ်မှုရှိရှိ နားလည်မှုရယူပြီး တိုင်းရင်းသားအရေးကိစ္စတွေကို လုပ်ဆောင်သွားဖို့ UNFC အနေနဲ့ အမြင်ရှိတယ်လို့ ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောဆိုခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ ဟန့်တားစိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ PNLO ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နိုင်ငံရေးအရ ဦးဆောင်ပေးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သလို နိုင်ငံရေးရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်တဲ့အထိ NCA ကတိကဝတ်ကို စောင့်ထိန်းပြီး အစိုးရ၊ တပ်မတော်နဲ့ ညှိနှိုင်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်သွားမယ်လို့လည်း ဒီကနေ့ အစည်းဝေးအပြီးမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG