သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့တွေ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိသေး


PPST အွန်လိုင်းအစည်းအဝေး (ဓာတ်ပုံ-NCA S-EAO/fb)
PPST အွန်လိုင်းအစည်းအဝေး (ဓာတ်ပုံ-NCA S-EAO/fb)

Zawgyi/Unicode

NCA စာချုပ်ကိုလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အွန်လိုင်းပေါ်မှာ နှစ်ရက် တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် လောလောဆယ် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်သေးဘူးလို့ သဘောတူခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ ညှိနှိုင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆက်လက် ဆောင်ရွက်သွားရေးမူကို ဆက်ကိုင်ထားဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးအဖွဲ့ PPST ကဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးအဖွဲ့ PPST က မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ Video Conferencing နဲ့အွန်လိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာ အရင်အစည်းအဝေး ဆုံးဖြတ်ချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း PPST အနေနဲ့ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့သတင်းတွေ ထွက်ပေါ် ခဲ့တာကြောင့် တပ်မတော်နဲ့ ဆွေးနွေးမယ့် အလားအလာကို မေးမြန်းရာမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလို ဖြေကြားပါတယ်။

“လောလောဆယ်ဆယ်တော့ မရှိသေးဘူးဗျ။ မူအရကတော့ ကျနော်တို့ ဆွေးနွေးရမှာက အစိုးရ၊ လွှတ်တော်နဲ့၊ နောက်ပြီးတော့ တပ်မတော်နဲ့ ဆွေးနွေးဘက်က။ အခုက အစိုးရနဲ့လွှတ်တော်က မရှိတဲ့ အခါကျ လစ်လပ်နေတဲ့အခါကျတော့ ကျန်တဲ့တဖွဲ့တည်းနဲ့က ဆွေးနွေးဖို့ အဆင်မပြေဘူး။ ဒါကြောင့် တစ်ဖွဲ့တည်းနဲ့ကတော့ ဆွေးနွေးတာတွေကိုတော့ ယာယီ ရပ်ဆိုင်းထားတယ်။”

CRPH ခေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ NUG ခေါ် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုတော့ PPST တဖွဲ့လုံးအနေနဲ့ ဒါမှမဟုတ် တစ်ဖွဲ့ချင်းအနေနဲ့ ဆောင်ရွက်နေတာတွေ ရှိကြောင်းလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလို ဆက်ပြောပါတယ်။

“၁၅ ကြိမ်မြောက်ကြေညာချက်မှာ သေချာဖတ်ရင် CRPH နဲ့ NUG ကို ကျနော်တို့က PPST အစုအဖွဲ့ လိုက်သော်လည်းကောင်း၊ PPST အဖွဲ့ဝင် တဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ပံ့ပိုး ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုတာပါတယ်။ အဲဒါကလည်းပဲ ဆက်စပ်ညှိနှိုင်းပံ့ပိုးတာကတော့ လိုအပ်ရင် လိုအပ်သလို ရှိနေတာပဲ။ အဲဒီမူကတော့ မပြောင်းပါဘူး။”

လက်ရှိနိုင်ငံရေးအခြေအနေအရ NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနေနဲ့လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့မှုအသစ်တရပ် ဖော်ဆောင်ရေးကို အရင်တခေါက် လုပ်ခဲ့တဲ့ ၁၅ ကြိမ်မြောက်အစည်းအဝေးက ဆုံးဖြတ်ထားပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ကတော့ ဆွေးနွေးညှိနှိုင်းနေဆဲရှိကြောင်းနဲ့ လက်ရှိမှာ တပ်ပေါင်းစုတရပ် ဖော်ဆောင်ရေးထက် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်နိုင်ဖို့ နည်းလမ်းရှာကြံနေတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် အစည်းအဝေးမှာတော့ NCA လက်မှတ်ရေးထိုးစဉ်က သက်သေအဖြစ် ပါဝင် ခဲ့တဲ့နိုင်ငံတွေကို ကြားဝင်ညှိနှိုင်းပေးရေးအတွက် ပန်ကြားဖို့ PPST က ဆုံးဖြတ်ဆောင်ရွက်ခဲ့ပါ တယ်။

နောက်ပိုင်းမှာ PPST အဖွဲ့ဝင် နှစ်ဖွဲ့က ဒီပန်ကြားချက်ကို ဆိုင်းငံထားဖို့ဆွေးနွေးခဲ့သလို တပ်မတော်ဘက်ကလည်း လက်မခံတဲ့အနေအထားတွေကြောင့် NCA သက်သေနိုင်ငံတွေ ကြားဝင်ညှိနှိုင်းပေးရေးကိုလည်း ယာယီ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးမှာ ပါဝင် တက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

အခုတခေါက် PPST အစည်းအဝေး အပိတ်မိန့်ခွန်းမှာတော့ PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ်က လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် တဘက်တလမ်းကနေပြီး NCA အသိသက်သေ နိုင်ငံများနဲ့ အဖွဲ့အစည်းများမှ ကြားဝင် ဖျန်ဖြေစေ့စပ်ခြင်းကိစ္စကိုလည်း အကျေအလည် ဆွေးနွေးပြီး လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါတယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

PPST ၁၆ ကြိမ်မြောက် အစည်းအဝေးမှာ အရင်အစည်းအဝေးက ဆုံးဖြတ်ချက်တွေအပေါ် အကောင်အထည်ဖော်မှုအခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြတာကြောင့် အစည်းအဝေးအပြီးမှာ ကြေညာချက် သီးသန့်ထုတ်ပြန်တာ မရှိခဲ့ပါဘူး။ အခုတခေါက် PPST ရဲ့အွန်လိုင်းပေါ်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးကို KNU ကရင် အမျိုးသားအစည်းအရုံးကိုယ်စားလှယ် တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

=====

Unicode














XS
SM
MD
LG