သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ကိစ္စ ပန်ဆန်းတိုင်းရင်းသားညီလာခံမှာဆွေးနွေး


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင် (ဓာတ်ပုံ - T.N.L.A)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင် (ဓာတ်ပုံ - T.N.L.A)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဒီကနေ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ စတင်လိုက်ပြီး၊ UWSP ဥက္ကဌ ဦးပေါက်ယူချန်းက အဖွင့်မိန့်ခွန်းပြောကြားရာမှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထား ပြောဆိုခဲ့ပါတယ်။

ဒီအဖွင့်မိန့်ခွန်းမှာ စစ်ပွဲတွေမရပ်စဲနိုင်ရင် ပြီးခဲ့တဲ့ မတ်လကုန်က လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေစာချုပ်ဟာလည်း စက္ကူပေါ်က စာသားသာဖြစ်နေကြောင်း ပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ ဒီကနေ့စတင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို အဖွဲ့ ၁၂ ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် အနည်းဆုံး ၆၀ လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီညီလာခံမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ပါဝင်တဲ့ NCCT (ခေါ်) အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ညီလာခံ စတင်ပြီး UWSP ဥက္ကဌ ဦးပေါက်ယူချန်းက အဖွင့်မိန့်ခွန်းပြောကြားရာမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“အဖွင့်မိန့်ခွန်းရဲ့သဘောကတော့ ညီညွတ်ရေးအတွက်ပါပဲ။ ညီညွတ်ရေးအတွက်ရယ်၊ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်ဖို့အထိ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့ဗျာ ဒါတွေ ပါပါတယ်။ လက်ရှိကတော့ ၃၁ ရက်နေ့ရထားတဲ့ မူကြမ်းမှာတော့ မြေပြင်တိုက်ပွဲတွေ မရပ်ဘူးဆိုရင်ပေါ့ဗျာ ဒီမူကြမ်းက အဓိပ္ပါယ်မရှိဘူးပေါ့။ စာရွက်ပေါ်က စာသားတွေပဲ ဖြစ်မှာပေါ့။ အဓိပ္ပါယ် ပြည့်ပြည့်၀၀ အကောင်အထည် ဖော်နိုင်တာ မဟုတ်ဘူးပေါ့။ ဒါကြောင့် အကောင်အထည် ဖော်နိုင်တဲ့ မူကြမ်းမျိုးဖြစ်အောင် ကြိုးစားရမှာပေါ့ဗျာ။ အဲဒီလိုတော့ သူ ထောက်ပြတာရှိပါတယ်။”

ဒီမိန့်ခွန်းကို ဦးပေါက်ယူချန်းက အနည်းငယ်ဖတ်ကြားပြီး အခြားသူတဦးက အဆုံးထိ ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းမှာ UWSP က ပြည်ထောင်စု အစိုးရဆီကို တင်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေဆီက စာနာမှု၊ နားလည်မှုနဲ့ ထောက်ခံမှုတွေ ရမယ်လို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်း ပြောကြားထားပါတယ်။

ညီလာခံစတင်တဲ့နေ့မှာတော့ မွန်ပြည်သစ်ပါတီ MNSP၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ MNDAA၊ ရခိုင်တပ်မတော် AA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ အဓိက တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲအပေါ်မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက -

“ဒီနေ့ ဆွေးနွေးပွဲက agenda တွေ၊ issue တွေကို ဆွေးနွေးတဲ့အဆင့် မရောက်ဘူး။ ဒီနေ့ ဆွေးနွေးပွဲက တက်ရောက်လာတဲ့ အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေက ကိုယ့်အမြင် သဘောထားတွေကို တင်ပြတာဖြစ်တယ်။ သူ့အမြင်၊ ကိုယ့်အမြင်ပေါ့ တင်ပြကြတာတွေကို ကျနော်တို့က ဝိုင်းနားထောင်ကြတဲ့ အဆင့်ပဲရှိတယ်။ အပြန်အလှန် မေးတာတို့ ဘာတို့ မရှိသေးဘူး။”

UWSP အဖွဲ့က ပန်ဆန်းညီလာခံကို NCCT အဖဲ့ွဝင် ၁၆ ဖွဲ့အနက်က ၉ ဖွဲ့ကိုသာ ရွေးချယ် ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး ညီလာခံမစတင်ခင်က ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဒီညီလာခံနဲ့ပတ်သက်ပြီး သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။

“အားရကျေနပ်မှုတော့ ရှိတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီလိုင်ဇာမှာ ၂ ကြိမ်၊ လော်ခီးလာမှာ ၁ ကြိမ်၊ တိုင်းရင်းသားတွေ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ညီလာခံလုပ်ခဲ့ပြီးပြီ။ အဲဒီမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မုန်းလားအဖွဲ့ကပေါ့ တခါမှ လာမတက်ဖူးဘူးခင်ဗျ။ ဒါကြောင့် ကျနော်တို့က ဒီတခေါက် သူတို့ကိုယ်တိုင် ဦးစီးပြီးတော့ သူတို့နယ်မြေမှာ ဖိတ်ခေါ်ပြီးတော့ ကျင်းပတဲ့အတွက် ဒါက ကျနော်တို့က ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုရမှာဖြစ်တယ်။ တိုင်းရင်းသား ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်းပေါ့၊ ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာသော်လည်းကောင်း အင်အားတွေ ပိုပြီးတော့ ရရှိတယ်ဆိုတဲ့ အမြင်မျိုးပေါ့ ဒီနေ့ ဖွင့်တဲ့ရက်မှာ ကျနော်တို့ အဲဒီလိုတော့ ခံစားမိတယ်။”

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နည်းပညာရပ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်တဲ့ ဂျနီဗာအခြေစိုက် Centre for Humanitarian Dialogue ရဲ့ ရန်ကုန်ရုံးခွဲက အကြီးတန်း စီမံကိန်းအရာရှိ ဦးဇာကျဲလျံကတော့ ပန်ဆန်းမှာကျင်းပတဲ့ ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး မပါဝင်တာကြောင့် ထိပ်သီးဆွေးနွေးပွဲ နောက်တကြိမ်ကျင်းပဖို့ လိုအပ်နေကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မှာ မစိုးရိမ်ကြောင်း ထောက်ပြောဆိုပါတယ်။

“အဓိကကတော့ အခု ၀ ကနေ ကြီးမှူးကျင်းပနေတဲ့ ညီလာခံက NCCT က မျှော်မှန်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ပါဝင်ပြီးတော့ အစိုးရဆီကနေ ရထားတဲ့ နောက်ဆုံး မူကြမ်းဆွေးနွေးဖို့အတွက် ရည်ရွယ်ထားတဲ့ ထိပ်သီးညီလာခံကြီးကို သူတို့ကလုပ်တာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဖြစ်စဉ်မှာ မပါတဲ့အဖွဲ့တွေအတွက်က တော်တော်လေး misunderstanding လည်း ရှိနေတဲ့အခါကျတော့ အခု NCT ကနေ NCCT အဖွဲ့တွေမှာပါတဲ့ အဖွဲ့ရော၊ မပါတဲ့အဖွဲ့တွေပါ အားလုံး ခေါ်ထားပြီးမှ အခု သီးသန့်ထိပ်သီးညီလာခံကို ထပ်ခေါ်ပြီးမှ အချေအတင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အခု ဒီမှာဆွေးနွေးတဲ့အပိုင်းကလည်း NCCT ကနေ အခု ဦးဆောင်နေတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သွားနေတဲ့ဟာကိုလည်း ကျနော်က ထိခိုက်မယ်လို့လည်း ကျနော်က မစိုးရိမ်ဘူး။ အကြောင်းရင်းက NCCT ကနေ ကြီးမှူးကျင်းပတာ မဟုတ်ဘူး။ NCCT Agenda အတိုင်း သွားတာမဟုတ်တဲ့အခါကျတော့ ကျနော် မစိုးရိမ်ဘူး။”

ပန်ဆန်းညီလာခံကိုတော့ ဒီလ ၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီညီလာခံပြီးဆုံးတဲ့နောက်မှာ NCCT က ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်တဲ့ ထပ်သီးညီလာခံ ကျင်းပမယ့်ရက်ကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ မတ်လကုန်က ရရှိထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပြီးနောက်မှာတော့ အပစ်ရပ်စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ပြင်ဆင်နေတဲ့ တချိန်တည်းမှာတော့ ရှမ်းပြည်နယ်အတွင်း ကိုးကန့်၊ ပလောင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG