သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ဆွေးနွေးပွဲ ချင်းမိုင်မှာ စတင်


NCA အပစ်ရပ်လက်မှတ်ရေးထိုးတဲ့ လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့။
NCA အပစ်ရပ်လက်မှတ်ရေးထိုးတဲ့ လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့။

NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ဒုတိယ အကြိမ် ထိပ်သီးအစည်းအဝေးကို မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ စတင် ကျင်းပနေပြီးဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရသစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရေးကိစ္စ၊ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေအခုလိုသတင်းပေးပို့ ထားပါတယ်။

NCA အပစ်ရပ်လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ရဲ့ ပထမရက် အစည်းအဝေးမှာ ဆုံးဖြတ်ချက်တွေ မချနိုင်သေးပေမဲ့ ရှေ့လုပ်ငန်းစဉ် တွေကိုဆွေးနွေးခဲ့တယ်လို့ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLOရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုပြောပါတယ်။

" အဓိက ဦးတည်တာကတော့ အစိုးရသစ်နဲ့ ကျနေ်ာတို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေ နောက်ပြီးတော့ ဖိတ်ကြားခြင်း ခံရသော်လည်းပဲ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ညီညွတ်ရေး မပြတ်ပဲနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ဖွဲ့စည်းထားတဲ့ ကျနော်တို့ရဲ့ ကေ်ာမတီတွေနဲ့ ကော်မတီတွေက အများကြီးရှိတာ ဆိုတော့ အဲ့ဒီ့ကော်မတီတွေရဲ့ ရှေ့လုပ်ငန်းစဉ်တွေပေါ့ဗျာ။ အဲ့တာတွေကို ဆွေးနွေး သွားမှာပေါ့ဗျာ။"

ဒီအစည်းအဝေးမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စ၊ အစိုးရသစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စ၊ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJCအဖွဲ့တွေ ရဲ့ ရှေ့လုပ်ငန်းစဉ်ကိစ္စတွေကို အဓိကဆွေးနွေး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။

အစည်းအဝေးရဲ့ ဖွင့်ပွဲမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ကနေ NCAဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ပန်းတိုင် ကိုရောက်ဖို့ လမ်းတလမ်းဖြစ်သလို အစိုးရရဲ့လှည့်ကွက်ထဲရောက် မသွားဖို့ လိုတယ်လို့ရှမ်းဘာသာနဲ့အခုလိုပြောဆိုခဲ့ပါတယ်။

" NCA ဟာဆိုရင် ကျနော်တို့ လိုလားတဲ့ ပန်းတိုင်ကို သွားဖို့အတွက် လမ်းတလမ်း လမ်းတခုဖြစ်ပါတယ်။ ကျနော်တို့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် ဒီကြားထဲမှာ ကျနော်တို့ တိုက်ပွဲဝင်ဖို့ ကျနော်တို့ ရင်ဆိုင်ဖို့ တွေအတွက် ကျနော်တို့တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရမှာဖြစ်ပါတယ်။ "

လက်ရှိ NCA အပစ်ရပ် လက်မှတ်ရေးထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ NCA လုပ်ငန်းစဉ် အတိုင်း ဆက် လက်အကောင်အထည်ဖေါ်နိုင်ဖို့ အစိုးရ အလွှဲအပြောင်း ကာလအတွင်း စောင့်ဆိုင်းနေရတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာ က အခုလိုပြောပါတယ်။

" အခုထိတော့ လုပ်ငန်းတွေက ဆက်သွားနေရတာပါပဲ။ Ongoing process ဖြစ်နေတော့ ဒီ Process ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လာမယ်။ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလာမယ်။ သို့သော် အစိုးရဘက်ကတော့ အစိုးရသစ် အစိုးရဟောင်း လက်လွှဲလက်ပြောင်း ရှိမယ်ဆိုတော့ အဲ့ဒီ့တချိန် အဲ့ဒီ့တကဏ္ဍကိုတော့ ကျနော်တို့က စောင့်ကြည့်ရဦးမှာပေါ့ဗျာ။"

ဒါ့အပြင် NCA လက်မှတ် မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လဲ တွေ့ဆုံဆွေးနွေးသွား မှာဖြစ်ပြီး တွေ့ဆုံမယ့်နေ့ရက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ သူကဆိုပါတယ်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတွင်းမှာတော့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့နဲ့ လက်မှတ်မရေးထိုး နိုင်သေးတဲ့ အဖွဲ့တွေ အကြားမှာ သဘောထားကွဲလွဲမှုတွေလဲရှိနေပါတယ်။ ဒီလိုအမြင်မတူကွဲပြားမှုတွေရှိနေပေမဲ့ ဆက်စပ်မှုရှိရှိ နားလည်မှုရယူပြီး တိုင်းရင်းသားအရေးကိစ္စတွေကို လုပ်ဆောင်သွားရမယ်လို့ UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ကအခုလိုပြောပါတယ်။

" နားလည်မှုရှိရှိ နဲ့ ဆက်စပ်မှုရှိရှိနဲ့ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ နှစ်ဘက် စလုံးလည်း ဒါကို လက်ခံပါတယ်။ ဆက်လုပ်သွားကြမှာပါ။"

လက်ရှိအစိုးရ အကူးပြောင်းကြားကာလမှာ မြန်မာ့တပ်မတော်ကနေ ရှမ်းပြည်နယ် ဘက်မှာ စစ်အင်အားတွေ တိုးချဲ့ ချထား လာသလို အပစ်မရပ်နိုင်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ် လာနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အစိုးရသစ်အနေနဲ့ အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းစဉ် တွေ အလျှင်အမြန် လုပ်ဆောင်သင့်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

" အချိန်နဲ့တပြေးညီ မဟုတ်ဘူးဆိုရင် တပ်မတော်ကို အခွင့်အရေးပေးရာကျပြီး တပ်မတော်က သူ့ရဲ့ လုံခြုံရေးအမြင် ဘာညာ အကြောင်းပြပြီးတော့ စစ်ရေးဇောင်းပေး လုပ်သွားမှာကိုလည်း ကျနော်တို့က စိုးရိမ်တယ်။ လာမယ့် အစိုးရသစ်ကလည်း အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို မြန်မြန်ဆန်ဆန် ဖိတ်ခေါ်ခြင်း မလုပ်ပဲနဲ့ အချိန်ဆွဲမယ်ဆိုရင် ပိုပြီးတော့ အန္တရာယ်ကြီးနိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်တယ်ခင်ဗျ။"

NCA အပစ်ရပ်လက်မှတ်ရေးထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ကို ဒီလ ၂၄ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင် ၆၀ နီးပါး တက်ရောက်ခဲ့ကြပေမဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်DKBAအဖွဲ့ကခေါင်းဆောင်တွေ တက်ရောက်နိုင်ခြင်း မရှိခဲ့ ပါဘူး။

မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KNUကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့် တပ်မ တော် DKBA၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်PNLO ၊ရခိုင်ပြည် လွတ်မြောက်ရေးတပ်ဦး ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့ အဖွဲ့(၈)ဖွဲ့တို့ဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ NCA အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

XS
SM
MD
LG