သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးဖို့ တိုင်းရင်းသားထိပ်သီးတွေ တွေ့ဆုံ


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ယခင် ကျင်းပခဲ့တဲ့ NCA အစည်းအဝေးမြင်ကွင်း။ (ဓာတ်ပုံ- ဦးလှမောင်ရွှေ FB)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ယခင် ကျင်းပခဲ့တဲ့ NCA အစည်းအဝေးမြင်ကွင်း။ (ဓာတ်ပုံ- ဦးလှမောင်ရွှေ FB)

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီး အစည်းအဝေးကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ရာမှာ အဖွဲ့အစည်း ၁၈ ဖွဲ့ တက်ရောက်ခဲ့ကြပြီး ၆ ဖွဲ့ကတော့ လက်မှတ်ရေးထိုးဖို့ သဘောထားတွေ ထုတ်ဖော်ခဲ့ပါတယ်။ ကျန် အဖွဲ့အစည်းတွေကတော့ အဖွဲ့အားလုံးပါဝင်ရေးအတွက် အချိန်ယူဖို့ ဆွေးနွေးဖို့ တင်ပြကြပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲအခြေအနေကို ဗီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

NCA လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီး အစည်းအဝေးကို ဒီကနေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့က ကိုယ်စားလှယ် ၁၀၀ လောက် ပါဝင်တက်ရောက် ခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ဒီကနေ့ ဆွေးနွေးပွဲအခြေအနေကတော့ ကျနော်တို့ သမ္မတကြီးနဲ့တွေ့ပြီးတော့မှ ကြီး ၅ ကြီးပေါ့လေ။ ကြီး ၅ ကြီး သွားရောက် တွေ့ဆုံခဲ့တဲ့ဟာကို သွားရောက်ခဲ့တဲ့လူတွေကနေပြီးတော့ ပြန်ပြီးတော့မှ အစီရင်ခံပြီးတော့မှ တင်ပြတာကို မရှင်းလင်းတာတွေ၊ ဖြေရှင်းစရာရှိတာတွေကို ထပ်ပြီးတော့မှ ဆွေးနွေးဖြေရှင်းကြတာဖြစ်ပါတယ်။ အဲဒီဟာကို အဓိကဆွေးနွေးတာဖြစ်ပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲမှာ NCA လက်မှတ်ရေးထိုးရေး မထိုးရေးအပေါ် တဖွဲ့ချင်းစီရဲ့ သဘောထားတွေကို တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။

“တချို့အဖွဲ့အစည်းတွေကတော့ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ဟာကို သူတို့အဖွဲ့လိုက်မှာ ရှင်းရှင်းလင်းလင်းပြောပါတယ်။ တချို့ အဖွဲ့တွေ ကတော့ လက်မှတ်မထိုးဘူးလို့တော့မဟုတ်ဘူး၊ လက်မှတ်ထိုးမယ်။ သို့သော် အဆင်သင့်မဖြစ်သေးဘူး၊ အချိန်ယူရမယ်လို့ ပြောတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် KIO တို့ပြောတဲ့အထဲမှာတော့ အချိန်ယူရမယ်ဆိုတာတော့ သူတို့က ပြည်သူလူထုကို ပြန်ပြီးတော့ ချပြရမယ်၊ သဘောထား ရယူမှုတွေလုပ်ရမယ်၊ စသဖြင့်ပေါ့လေ။ သူတို့အနေနဲ့က သမ္မတရဲ့ ကမ်းလှမ်းချက်ကို လက်ခံတယ်။ သဘောတူတယ်။ ဒါပေမယ့်လို့ အချိန်ယူရအုန်းမှာပေါ့၊ မိမိတို့ အချင်းချင်းကြားမှာ အပြေအလည်ဖြစ်ဖို့လည်း လိုသေးတာပေါ့နော်။ အဲဒီပေါ်မှာ အခြေခံပြီး ပြောကြပါတယ်။”

မနက်ဖြန်မှာတော့ NCA လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အာမခံချက်ရရှိရေးအတွက် ဆွေးနွေးဖို့ ရှိနေကြောင်းလည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

“တဖွဲ့ချင်းစီရဲ့ သဘောထားကို တိတိကျကျ သိသွားပါပြီ၊ သို့ပေမယ့်လည်း ဒီဆုံးဖြတ်ချက်တခု ချနိုင်အောင်လို့ ထိုးတဲ့အဖွဲ့တွေအတွက် ဘယ်လိုလုပ်ကြမလဲ၊ မထိုးတဲ့အဖွဲ့တွေအတွက် ဘယ်လိုလုပ်ကြမလဲ၊ နောက်ပြီးတော့ ဒီ အစိုးရအပိုင်းတွေက အတည်မပြုသေးတဲ့ အဖွဲ့တွေ အနေနဲ့ ဘယ်လိုသဘောထားပေးမလဲ။ သူတို့အတွက် အာမခံချက်တွေရနိုင်အောင် ရှိနိုင်အောင် ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို ထပ်ပြီးတော့ ဆွေးနွေးမယ့်ပုံရှိပါတယ် ခင်ဗျာ။”

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းကတော့ NCA စာချုပ်ကို သူတို့ သဘောထားနဲ့ ကိုက်ညီရင် လက်မှတ်ရေးထိုးဖို့ ရှိနေပြီး ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ကချင်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေဟာ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်မယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းလှက ထောက်ပြပါတယ်။

“တိုက်ပွဲတွေမရှိဖို့ လိုအပ်ပါပြီ။ တိုက်ပွဲတွေ ထိန်းသိမ်းဖို့ လိုအပ်ပါပြီ၊ အခုကျတော့ ကျနော်တို့ကြောင့် ၊ ဟိုဘက်က၊ ဒီဘက်ကကြောင့်လို့ ပြောနေကြတယ်။ ဒါပေမယ့် ဟိုဘက်ကြောင့်ပဲဖြစ်ဖြစ်၊ ဒီဘက်ကြောင့်ဖြစ်ဖြစ် တိုက်ပွဲတွေမဖြစ်အောင် နှစ်ဖက်ညှိနိူင်းပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ အဲဒီလိုမြင်တယ်။ လက်မှတ်တွေထိုးထားတာလည်းများပါပြီ။ ပြည်ထောင်စုအဆင့်မှာလည်း ၃ ကြိမ်၊ နောက်ပြီးတော့ Commitment နဲ့ဆိုရင် လေးကြိမ်ရှိပါပြီ။ ဒီတကြိမ်နဲ့ဆိုရင် ၅ ကြိမ်ဖြစ်သွားတော့မယ်။ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်း ဆိုရင်တော့ ကျနော်တို့လုပ်နေတဲ့ လုပ်ငန်းစဉ်ကိုတော့ ထိခိုက်နိုင်ခြေရှိနိုင်တာပေါ့နော်။ ဒါကြောင့်မို့လို့ အပစ်ရပ်တယ်ဆိုတာ တကယ် ရပ်အောင်တော့ လုပ်ဖို့တော့ လိုပါတယ်လို့ ကျနော် အဲဒီလိုမြင်ပါတယ်။”

ဒီလ ၉ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံကြပြီး NCA စာချုပ်ကို အောက်တိုဘာလ ပထမပတ်မှာ လက်မှတ်ရေးထိုးဖို့ ရက်သတ်မှတ်ခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ တောင်းဆိုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ရေးကို အစိုးရဖက်က လက်မခံတာကြောင့် လက်မှတ်ရေးထိုးရေးအတွက် ဒီကနေ့ ချင်းမိုင်မှာ ပြန်လည်ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။လက်ရှိကျင်းပနေတဲ့ ဆွေးနွေးပွဲကိုတော့ ဒီလကုန်ထိ ၃ ရက်ကြာ ကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။

XS
SM
MD
LG