သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ ဘက်ပေါင်းစုံအားတက်


မြန်မာ့ငြိမ်းချမ်းရေးအတွက် အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီဝင်တို့ရဲ့ အလွတ်သဘော ဆွေးနွေးပွဲ မြင်ကွင်း။ (သြဂုတ် ၁၈၊ ၂၀၁၄)
မြန်မာ့ငြိမ်းချမ်းရေးအတွက် အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီဝင်တို့ရဲ့ အလွတ်သဘော ဆွေးနွေးပွဲ မြင်ကွင်း။ (သြဂုတ် ၁၈၊ ၂၀၁၄)

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးမှာ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အဓိကဆွေးနွေးခဲ့ကြပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဘက်ကတော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို ဒီဇင်ဘာလလောက်မှာ စတင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ၊ တိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT နဲ့ နိုင်ငံရေးပါတီ (၃၄) ပါတီက ကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အပိတ်မိန့်ခွန်းမှာ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက မြန်မာပြည်ရဲ့ ပြဿနာကို မှန်မှန်ကန်ကန် အဖြေရှာနိုင်မယ်ဆိုရင် တိုင်းပြည်ဟာ အမြန်ဆုံးအေးချမ်းတည်ငြိမ်ပြီး တိုးတက်မှုတွေ ရလာမှာ ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကလည်း ဒီကနေ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောပါတယ်။

“အားလုံးရဲ့အမြင်များ၊ မှတ်သားချက်များဟာ အထူးပဲ အပြုသဘောဆောင်ပြီးတော့မှ တိုးတက်မှုရှိတာကို တွေ့ရတဲ့အတွက် ကျနော်တို့အားလုံး၊ တနိုင်ငံလုံး၊ ပြည်သူတွေ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်လို့ ခံစားမိပါတယ်။ ဒီကနေ့ ကျနော်တို့ အားလုံးဟာ မိမိတို့ရဲ့အမြင်များ၊ ဆန္ဒများကို လက်နက်ကိုင်ပြီး တောင်းဆိုကြတဲ့အဆင့်၊ လက်နက်ကိုင်ပြီး ငြင်းပယ်ရတဲ့အဆင့်တွေကို ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားကြတဲ့အပေါ် အစိုးရကိုယ်စားလှယ်ဖက်ကလည်း နားလည်လက်ခံတာကြောင့် ဒါဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဒီမိုကရေစီအင်အားစုများ ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်ပါတယ်။

“အစိုးရဘက်က ဦးအောင်မင်းတို့ ကိုယ်တိုင်ကလည်းပဲ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုတခုကို ထူထောင်ဖို့ ဆွေးနွေးပွဲရလဒ်တွေက ပေါ်ထွက်လာတဲ့ ကတိကဝတ်ကို ရသွားတဲ့အခါမှာ သူတို့လည်း ဘဝင်ကျသွားတဲ့သဘောရှိလို့ ဒီမြင်ကွင်းဟာ အပြုသဘောဆောင်ပြီးတော့ နိုင်ငံရဲ့ရှေ့ရေး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတော့ဖြင့်ရင် အထောက်အကူဖြစ်မယ့်ပွဲ ဖြစ်သွားပြီဆိုတာကိုတော့ ယုံကြည်သွားတယ်။ ဒါကြောင့်မို့လို့ ဒီဖြစ်စဉ်ကြီးကတော့ အပြုသဘောဆောင်ပါတယ်လို့ ပြောတာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း သူတို့ ပါတီရဲ့ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“ကျနော်တို့ပါတီက ဖက်ဒရယ်မူနဲ့သွားရမယ်ဆိုတာ ၁၉၉၀ ကတည်းက ပြောထားတယ်။ တောက်လျှောက်လည်း ဒီအတိုင်းပဲ၊ မူမပြောင်းဘူး။ ဒီနေ့လည်း ဒီအတိုင်းပဲ ကျနော်တို့ ဒီဟာကို ထည့်ပြောလိုက်တယ်။ ဖက်ဒရယ်ဟာ အရေးအကြီးဆုံးပဲ၊ ဖက်ဒရယ်ဆိုတာလည်း အမျိုးစုံရှိတယ်။ ဖက်ဒရယ်မူလို့ ပြောရုံနဲ့ မလုံလောက်ဘူး။ အဲဒီတော့ တိုင်းရင်းသားတွေရော၊ နှစ်ဘက် အဖွဲ့အစည်းတွေက ဘယ်လို အာဏာခွဲဝေမလဲဆိုတာ ကြိုတင်ပြီးတော့ စဉ်းစားထားဖို့ ကောင်းတယ်လို့ အကြံပေးခဲ့တယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီရဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို အစောဆုံး ဒီဇင်ဘာလလောက်မှာ စတင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

“ကျနော် မှန်းကြည့်တာတော့လေ၊ ဒီဇင်ဘာလလောက်မှာ စနိုင်မယ်လို့ ထင်တာပေါ့။ နောက်အကျဆုံး ဇန်နဝါရီလမှာစမယ်။ လက်မှတ်ထိုးပြီးတာနဲ့ ကျနော်တို့က Political Dialogue စရမယ်ဆိုတာ ရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့က ချက်ခြင်း မစနိုင်ဘူးဆိုတာဟာ ကြားထဲမှာ Frame Work ဆွဲရမယ်ဗျ။ ဆွေးနွေးပွဲတခုမှာ Frame work မရှိလို့ရှိရင် ကြာတတ်တယ်၊ လမ်းလွဲသွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ပိုရှုပ်သွားတတ်တယ်။ ဒါကြောင့် Frame Work ဆိုတာ ရှိရတယ်။ အဲဒီ Frame work ကို ကျနော်တို့ ဆွဲဖို့ လိုပါတယ်။ Frame work ဆွဲတဲ့အခါမှာတော့ အခု အားလုံး All inclusive ပေါ့ဗျာ၊ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါမှာပေါ့။”

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာအုပ်မူကြမ်းရရှိရေးအတွက် ဒီလ ၁၅ ရက်ကနေ့ ၁၇ ရက်ထိ သုံးရက်ကြာဆွေးနွေးခဲ့ပြီး မပြီးပြတ်သေးတဲ့ အချက် လေးချက်ကိုတော့ စက်တင်ဘာလမှာ ထပ်မံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ နှစ်ဖက်အဖွဲ့အစည်းတွေကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အစောဆုံး စက်တင်ဘာလကုန်လောက်မှာ လက်မှတ်ရေးထိုးနိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG