သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တတိယအကြိမ် ညီလာခံ ကျင်းပဖို့ ပြင်


ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် (ယာ-ဒုတိယမြောက်)
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် (ယာ-ဒုတိယမြောက်)

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ရေးဆွဲထားတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တရပ်လုံးကို ဆွေးနွေးကြမယ့် တိုင်းရင်းသားလက်နက်ကိုင်များရဲ့ ညီလာခံကို ကချင်ပြည်နယ် လိုင်ဇာမှာ ဒီရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး တိတိကျကျ ပြဌာန်းချက် အပါအဝင် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးကြမှာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မသိင်္ဂ ီထိုက်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမှာ ဒီလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ သီတင်းတပတ် နီးပါးကြာ ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ညီလာခံမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပြပါတယ်။

“အဓိက-ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအပေါ်မှာ ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ကျနော်တို့ NCCT အဖွဲ့ဝင်များ၊ နောက်ပြီးတော့ နောက်ပိုင်းမှာတော့ NCCT မဟုတ်တဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရော၊ နောက် UNFC ရော၊ ABSDF စသည်ဖြင့်ပေါ့လေ- ဒီအဖွဲ့တွေ တော်တော်များ တက်ဖို့ ရှိပါတယ်ခင်ဗျ။ ဆွေးနွေးရမယ့်အချက်ကတော့ တော်တော်များပါတယ်။ ကျနော်တို့က single text အနေနဲ့ ညှိနှိုင်းဆဲဆိုတော့ အတိအကျတော့ မပြောတတ်သေးဘူးခင်ဗျ။ ကျနော်တို့ဘက်က ညှိနှိုင်းပြီးတော့ UPWC နဲ့ ဆက်ပြီး ညှိရမှာဆိုတော့လေ၊ အဓိက-ကတော့ NCA (တနိုင်ငံလုံးအပစ်ရပ်စဲရေးမူကြမ်း) တစုံလုံးကို ကျနော်တို့ ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီးမှတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ကိစ္စက ဘယ်လို ဆွေးနွေးမှာလဲ။ ဘယ်လို ဖက်ဒရယ်ပုံစံလဲဆိုတဲ့ဟာတွေ တော်တော်များများ ဒီတကြိမ်မှာ ဆွေးနွေးဖို့ ရှိပါတယ်။ မြောက်ပိုင်းဒေသနဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေကတော့ ပိုပြီးလက်တွေ့ကျတဲ့ သဘောပေါ့နော်။ အဲဒါ ကျနော်တို့ လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်သွားလို့ရှိရင် တပ်ဆုတ်တာတို့၊ တပ်ခွာတာတို့ ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းကတော့ ကျနော်တို့အထဲမှာ အဓိက ဆွေးနွေးတာထက် အစိုးရဘက်နဲ့ ဆွေးနွေးဖို့က ပိုပြီး အရေးကြီးပါတယ်။ ဒီတကြိမ်ကတော့ မူပိုင်းပေါ့- အစိုးရနဲ့ ထပ်ပြီး ဆွေးနွေးဖို့ လိုအပ်တဲ့အချက်များကို ကျနော်တို့ဘက်က အဓိက ဆွေးနွေးထားဖို့ ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်။”

မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ကြား ရေးဆွဲထားတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးကြမယ့် လိုင်ဇာ ညီလာခံမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်များရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ NCCT ကိုယ်စားလှယ်တွေ၊ နောက် NCCT ထဲမှာ မပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ကိုယ်စားလှယ်တွေပါ တက်ရောက် ဆွေးနွေးကြမှာပါ။

အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ဆိုပါတယ်။

“ဒီတခါတော့ ကျနော်တို့ လက်မှတ်ထိုးနိုင်အောင်ဆိုတဲ့ အနေအထား၊ ဒါကြောင့်မို့လို့ ဒီတကြိမ်အစည်းအဝေးမှာလည်း အဓိက-ကတော့ နှစ်ဘက် လက်ခံနိုင်မယ့် အနေအထားမျိုးရောက်ပြီးမှ အချိန်ကို တတ်နိုင်သလောက် အမြန်ဆုံး ဘယ်လို လက်မှတ်ရေးထိုးနိုင်အောင် သွားကြမလဲဆိုတဲ့အပိုင်းကို အဓိကထားပြီး ဆွေးနွေးဖို့ ဖြစ်ပါတယ်။”

မြန်မာအစိုးရနဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ပိုရရေး လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက အခု မြန်မာ အရပ်သားအစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလာချိန်မှာ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို တသံတည်းထွက်စေဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်များရဲ့ ညီလာခံကို ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် လိုင်ဇာမှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနိုင်ခဲ့ကြပါတယ်။ အခု ကျင်းပမယ့် လိုင်ဇာညီလာခံကတော့ တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် တပ်များရဲ့ ညီလာခံ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG