သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအရေး ဒေါ်စု ညှိနှိုင်းပေးဖို့ NCUB တိုက်တွန်း


တိုင်းရင်းသားအရေး ဒေါ်စု ညှိနှိုင်းပေးဖို့ NCUB တိုက်တွန်း
တိုင်းရင်းသားအရေး ဒေါ်စု ညှိနှိုင်းပေးဖို့ NCUB တိုက်တွန်း

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ရရှိနိုင်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရအကြား ဝင်ရောက် စေ့စပ်ညှိနှိုင်းပေးဖို့ ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က တိုက်တွန်း ထားပါတယ်။ NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူနိုင်ဖို့မှာ တိုင်းရင်းသား အဖွဲ့တွေရဲ့ လေးစားယုံကြည်မှုကို ရထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အာင်ဆန်းစုကြည် အနေနဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ကြားဝင်ပြီး စေ့စပ်ညှိနှိုင်း ဆောက်ရွက်ပေးဖို့ NCUB က နိုဝင်ဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံကို ပြန်လည်ထူထောင်ဖို့၊ အေးချမ်းဖို့ဆိုတဲ့ကိစ္စက အရင်ဆုံး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့လိုတယ်ဆိုတာကို ကျနော်တို့ အကြိမ်ကြိမ်အခါခါ တင်ပြပါတယ်။ အခုလည်း ထပ်မံပြီး တင်ပြတယ်။ ဒါပေမဲ့ တင်ပြရုံတင်မကဘဲနဲ့ ဘယ်လိုလုပ်မယ်ဆိုတဲ့ ကိစ္စကိုလည်း ကျနော်တို့ အခု ထည့်ပြီးတော့ ဆွေးနွေးတဲ့ကိစ္စပါ။ ကျနော်တို့ မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ ကျနော်ထင်တယ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာထင်တယ်။ ဒီ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ဦးသိန်းစိန်အစိုးရကြားထဲမှာ စေ့စပ်ဆွေးနွေးဖို့ကို စာထုတ်ပြီးတော့ ပြောထားတာရှိပါတယ်။ ဒီဟာကိုလည်း ကျနော်တို့ လေ့လာတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးက သဘောကျတယ်။ ဒါက ဖြစ်သင့်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့က သိရှိရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီအချိန်မှာ တင်းမာနေတဲ့အနေအထား ရှိတယ်ပေါ့ဗျာ။ ဦးသိန်းစိန် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြားမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ ပြင်းထန်တဲ့အနေအထားရှိတယ်။ ဒါကို ကြားထဲက နေပြီးတော့ ကျနော်တို့ အပြည်ပြည်ဆိုင်ရာက မပါဘဲနဲ့ ပြည်တွင်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကနေပြီးတော့ စေ့စပ်ပေးလိုက်မယ်ဆိုရင် အဆင်ပြေနိုင်တဲ့အနေအထား ရှိတယ်ဆိုတာကို တွေ့တဲ့အတွက်ကြောင့် ဒါကို လုပ်ငန်းတစ်ခုအနေနဲ့ ကျနော်တို့ တင်ပြခြင်းဖြစ်ပါတယ်။ ဒီ့အပြင်ကိုလည်း လွန်ခဲ့သော တစ်ရက်နှစ်ရက်ကပဲ ဒီ NLD ပါတီအနေနဲ့ သူတို့ မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ CRPP မှာရှိတဲ့ခေါင်းဆောင်တွေနဲ့ UNA ကိုရော ဖိတ်ခေါ်ပြီး ပြောကြားတယ်ဆိုတဲ့ကိစ္စကို ကြည့်လိုက်တဲ့အခါမှာ ဒါဟာ အားလုံးသော တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါဖို့ရှိတယ်ဆိုတဲ့ အနေအထားရှိတဲ့အတွက်ကြောင့် ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကနေပြီးတော့ စေ့စပ်ညှိနှိုင်းပေးရင် ကျနော်တို့ လုပ်ငန်းတော်တော် အောင်မြင်မယ်လို့ ယုံကြည်လို့ ကျနော်တို့ တင်ပြတာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲ မြန်မာအစိုးရက မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးချင်တယ် ဆိုပြီးတော့ ကမ်းလှမ်းချက်ကို တရားဝင် ကြေညာခဲ့ပါတယ်။ ဒီလိုတွေ့ဆုံတဲ့နေရာမှာ ပထမအဆင့်အနေနဲ့ တဖွဲ့ချင်းလိုက် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ပြောဆိုထားတာပါ။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့တွေဘက်က တဖွဲ့ချင်းစီနဲ့ တွေ့ဆုံတာမျိုးမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအများစု ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ (UNFC) အနေနဲ့သာ တွေ့ဆုံ ဆွေးနွေးနိုင်မယ်လို့ ပြောဆိုထားတာပါ။ တချိန်တည်းမှာလည်း တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား တင်းမာမှုတွေ ပြင်းထန်နေတုန်းလို့ ဆိုရမှာပါ။ ဒါကြောင့် ဒီအခြေအနေတွေ ပြေလျှော့ဖို့မှာ ကြားဝင် ဆောင်ရွက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အခန်းကဏ္ဍကို ဦးသိန်းစိန်အစိုးရကလည်း အသိအမှတ်ပြုပေးဖို့လိုတယ်၊ ဒီအတွက် တောင်းဆိုရမှာ ဖြစ်တယ်လို့လည်း ဦးမောင်မောင်က ပြောပါတယ်။

“ခွင့်ပေးဖို့ကိစ္စ ဆိုတာကလည်း တောင်းဆိုမှ ဖြစ်တာလေ။ တောင်းဆိုတယ်ဆိုတာ တိုင်းရင်းသားတွေ ဘက်ကလည်း တောင်းဆိုသလို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပြီးသားကိစ္စရှိတယ်။ offer လုပ်ထားပြီးသားပေါ့ဗျာ။ ဒါကို လုပ်ပေးမယ်ဆိုရင်လည်း လုပ်ပေးမယ်ဆိုရုံတခုတည်းနဲ့ မပြီးသေးဘူး။ လက်တွေ့ ဒါကိုတော့ လုပ်သင့်တယ်ဆိုတဲ့ အနေအထားနဲ့ ထပြီးတော့လုပ်လိုက်မှသာလျှင် ဒါက ငြင်းဆိုခြင်းရှိလားမရှိလား ဆိုတော ပေါ်လာမှာကိုး။ ကျနော်ကတော့ ဒါကို တောင်းဆိုသင့်တယ်၊ တိုင်းရင်းသားတွေဘက်ကရော NLD ပါတီဘက်ကရော ဒါက လုပ်သင့်တဲ့လုပ်ငန်းတစ်ခု အနေနဲ့ပေါ့နော် အရင်ဆုံး ဆွေးနွေးစေချင်တယ်။ ဒါမှသာလျှင် တိုင်းရင်းသားတွေကလည်း တဖွဲ့တည်းတွေ့မယ်ဆိုတဲ့ကိစ္စက ဘာကို ရည်ရွယ်ပြီးပြောတာလဲ ဆိုတာကိုလည်း ကြားကနေပြီးတော့ မေးပေးလို့ရမယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ ပေါ်လာမှာပေါ့ခင်ဗျာ။ အဲဒါကို ကျနော်တို့ ပြောတာပါ။”

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ဖြစ်ပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံတွင်းမှာ အတိုက်အခံတွေနဲ့အစိုးရကြား ပြေလည်တဲ့ အရိပ်အယောင်တွေ တွေ့နေရပေမဲ့ နယ်စပ်တလျှောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရကြား တင်းမာမှုတွေ ကြီးမားနေဆဲပါ။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ မြန်မာဒုက္ခသည်ပေါင်း ၄ သိန်း ၅ သောင်း ၁ ထောင် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ပြောဆိုထားပါတယ်။

XS
SM
MD
LG