သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ NDF တင်သွင်းမည်


လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ NDF တင်သွင်းမည်
လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ NDF တင်သွင်းမည်

ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပတဲ့အခါ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို ဦးစားပေး တောင်းဆိုသွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ပြောပါတယ်။ ဒီအချက်အပြင် တခြားလွှတ်တော်ထဲမှာ တင်ပြနိုင်မယ့် အဆိုပြုမူကြမ်းတွေကို NDF ပါတီက ကိုယ်စားလှယ်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတော့ ဘယ်လိုဥပဒေမူကြမ်းတွေကို NDF ပါတီက လွှတ်တော်တွင်းတင်ပြဖို့ စီစဉ်နေသလဲ ဆိုတဲ့ အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NDF ပါတီရဲ့ ကိုယ်စားလှယ်တွေက မကြာခင်ကျင်းပတောမယ့် လွှတ်တော်တွင်း တင်ပြမယ့် အဆိုပြုမူကြမ်းတွေအပေါ် ဒီကနေ့ NDF ပါတီလွှတ်တော်ရေးရာ ကော်မတီတွင်း ဆွေးနွေးခဲ့ကြတာပါ။ အဲဒီမူကြမ်းတွေထဲက နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကိစ္စအတွက် NDF ပါတီ ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ဦးစားပေး တင်ပြတောင်းဆိုသွားဖို့ စီစဉ်ထားတယ်လို့ NDF ပါတီလွှတ်တော်ရေးရာကော်မတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“လွှတ်တော်ထဲရောက်လို့ရှိရင် ရှေးအစဉ်အလာအရ အစိုးရသစ်တက်တယ်၊ လွှတ်တော်အသစ် တက်တယ် ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာရှိပါတယ်။ ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ရယ်၊ နိုင်ငံတော်မှာရှိတဲ့ အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေ အားလုံးကို လွှတ်ပေးဖို့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ကျနော်တို့ အဦးဆုံး တောင်းဆိုမယ့်ဥပဒေဖြစ်တယ် ဆိုပြီး အားလုံးက သဘောတူပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ ဥပဒေပညာရှင်တွေက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကို ဘယ်လိုအဆင့်ဟာ ဘယ်လိုဖြစ်တယ် ဆိုတာတွေကို ဥပဒေပညာရှင်များက လွှတ်တော် ကိုယ်စားလှယ်များကို ရှင်းပြတဲ့ပွဲပါပဲဗျာ ဒီပွဲက။ NDF ကိုယ်စားလှယ်တွေကနေ မူအဖြစ်နဲ့ယူသွားဖို့ ကျနော်တို့ တင်ပြတဲ့အခါမှာ အားလုံးက သဘောတူကြပါတယ်။”

NDF ပါတီရဲ့ လွှတ်တော်ရေးရာ ကော်မတီဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက လွှတ်တော်တွင်း တင်ပြမယ့် မူကြမ်း ၁၀ ချက်ပေါ်မှာ ကြိုတင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အဲဒီမှာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စအပြင် နိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ စီးပွားရေးဆိုင်ရာ ပြန်လည်မြှင့်တင်နိုင်ရေးကိုလည်း နောက်ထပ် ဦးစားပေးအဆင့်မှာ တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“စီးပွားရေးမှာ လက်ဝါးကြီးအုပ်ပုံစံမရှိအောင် ဥပဒေပြဌာန်းပေးဖို့၊ ပညာရေးနဲ့ကျန်းမာရေးမှာ ၃ ရာခိုင် နှုန်း သုံးနေရာကနေ GDP ရဲ့ ၁၀ ရာခိုင်နှုန်းလောက် တိုးသုံးပေးဖို့ ဆိုတာတွေ ပါပါတယ်။ နောက်ပြီးတော့ ပင်စင်လစာငွေကိုလည်း တစုတစည်းတည်း အဆင့် ၂ ဆင့်လောက်နဲ့ပဲ အသက်အုပ်စုအလိုက် ပြန်လည် ပြင်ဆင်ပြီး ပင်စင်ဝန်ထမ်းတွေဟာ နိုင်ငံဝန်ထမ်းတွေဖြစ်လို့ သူတို့ဟာ နိုင်ငံတော်ကို အကျိုးပြုခဲ့တာမို့လို့ သူတို့တွေကိုလည်း ပြန်လည် ကြည့်ရှုဖို့အကြောင်းပေါ့ဗျာ။ နောက်ပြီးတော့ energy ပေါ့ဗျာ။ စွမ်းအင်ဖူလုံရေးအတွက် ရှိပြီးသား စွမ်းအင်တွေကို ထုတ်ယူရောင်းချတဲ့နေရာမှာ နောင်လာ နောင်သားတွေအတွက် ချန်ထားဖို့ အစီအမံတွေ ဖြစ်သင့်တယ်ဆိုတဲ့ အကြံပြုချက်ပေါ့။

နောက်ပြီးတော့ လယ်ယာပေါ့။ လယ်ယာမြေဆိုတာ ကျနော်တို့ မူဝါဒအတိုင်းပါပဲ။ လယ်လုပ်တဲ့သူတွေ ပိုင်ဆိုင်ခွင့် ရှိရမယ်။ အမွေ ဆက်ခံလွှဲပြောင်းခွင့်ရှိရမယ်။ ထိရောက်တဲ့ အမတော်ကြေးငွေတွေပေးဖို့ရယ်၊ နောက်ပြီးတော့ လယ်သမားတွေ နစ်နာနေတဲ့ ဈေးနှုန်းအတက်အကျတွေကို ခံနိုင်အောင် လယ်ယာထွက်ကုန် သီးနှံတွေကို အာမခံစနစ် ထားပေးဖို့၊ ဒါတွေကိုပါ ကျနော်တို့ အကြမ်းမျဉ်းတွေ ပါရှိပါတယ်ခင်ဗျ။”

အခု NDF ပါတီရဲ့ လွှတ်တော်မှာတင်ပြမယ့် အဆိုမူကြမ်းတွေကို NDF ပါတီကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းမှာ ဘယ်လောက်ထိ အောင်အောင်မြင်မြင်နဲ့ တင်ပြနိုင်မယ်လို့ ထင်ပါလဲရှင့်။ -

“ကျနော်တို့ တင်ပြထားတဲ့အချက် ၁၀ ချက်ဟာ သာမန်အားဖြင့်တော့ နိုင်ငံကို ဘာမှ အကျိုးယုတ်စရာတွေ မရှိပါဘူး။ တိုင်းပြည်နဲ့ပြည်သူတွေအတွက် အကျိုးရှိမယ့်ဟာတွေကိုပဲ ကျနော်တို့ ပါတီမူဝါဒတွေနဲ့ စီးပွားရေးမူဝါဒတွေနဲ့ ထင်ဟပ်ပြီးတော့ ရေးဆွဲထားတာမို့လို့ ဒါတွေဟာ အခွင့်သင့်တဲ့အခါမှာ တင်ပြနိုင် မှုရှိလိမ့်မယ်လို့လည်း ကျနော် ယုံကြည်ပါတယ်။ တဦးချင်း တင်ပြနိုင်ခွင့်ရှိလိမ့်မယ်ဆိုရင်လည်း ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ ထွက်လာတဲ့ ဥပဒေ စာအုပ်တွေမှာ ဖတ်ရတဲ့အခါ အမြဲတမ်းရေးရာ ကော်မတီ ၄ ခုထဲမှာလည်း ကျနော်တို့ NDF ကိုယ်စားလှယ်တွေ ပါသွားမယ်ဆိုရင်လည်း တင်သွင်းခွင့် ရှိသလို သတ်မှတ်ထားတဲ့ တင်ပြခွင့်မရှိတဲ့အချက်တွေနဲ့လည်း ကင်းလွတ်နေတယ်လို့ ကျနော်တို့ တွေ့ရှိရတဲ့အတွက် ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

NDF ပါတီ လွှတ်တော်ရေးရာ ကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ အမျိူးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဟာ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွင်း အမျိုးသားလွှတ်တော်နေရာမှာ ကိုယ်စားလှယ် ၄ ဦး၊ တိုင်းဒေသကြီး လွှတ်တော် နေရာမှာ ၄ ဦးနဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ၇ ဦးနဲ့ လွှတ်တော် ၃ ရပ်စလုံးအတွက် ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ခံထားရတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

XS
SM
MD
LG