သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF ပါတီက လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ်


NDF ပါတီက လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ်

ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက သူတို့ပါတီကို ကိုယ်စားပြုပြီး သင်္ကန်းကျွန်းမြို့နယ်က ၀င်ရောက် အရွေးခံခဲ့တဲ့ ဦးသိန်းညွန့်ကို စည်းကမ်းတွေ ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ ပါတီဝင်အဖြစ်က မနေ့က ထုတ်ပစ်လိုက်တယ်လို့ ပါတီခေါင်းဆောင်ပိုင်းကပြောပါတယ်။ ဦးသိန်းညွန့်ကတော့ သူ့ကို အခုလို ထုတ်ပစ်တာဟာ တဖက်သတ် ဆုံးဖြတ်ချက်ချပြီး ထုတ်ပစ်တာသာ ဖြစ်တဲ့အတွက် ပါတီဝင်အဖြစ် လွှတ်တော်ထဲမှာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဒီကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်က တဆင့် ဆက်လက် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မနေ့က နိုဝင်ဘာ ၁၇ ရက်နေ့မှာပဲ ပါတီရဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီ ၁၅ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ပါတီကနေထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“မနေ့က ၁၇ ရက်နေ့မှာ နိုင်ငံရေး ဦးဆောင်ကော်မတီ ၁၅ ဦးနဲ့ ကျနော်တို့ အရေးပေါ် အထူး အစည်းအဝေး ခေါ်ပြီးတော့ ဦးသိန်းညွန့်ကို ထုတ်ပစ်လိုက်ပါပြီ။ အကြောင်းအရာကတော့ သူရေးဆွဲ တင်ပြထားတဲ့ ကော်မရှင်ကို တင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သူကိုယ်တိုင် ဖောက်ဖျက်ပြီးတော့ ပါတီကို အတွင်းကနေပြန်တိုက်ပါတယ်။ ကျနော်တို့ဟာ နိုင်ငံခြားငွေတွေ ယူထားသလိုလို စွပ်စွဲပါတယ်။ အဲဒါကြောင့် ကျနော်တို့ကို တရားစွဲမယ်လည်း ပြောပါတယ်။ ပြီးတော့ ကော်မရှင်ကို တိုင်မယ်လို့လည်း ပြောပါတယ်။

“အဲတော့ နိုင်ငံခြားငွေ တပြားမှယူမထားဘူးဆိုတာ သူ့ကိုလည်း ရှင်းပြပြီးပါပြီ။ အဲဒါကို လက်မခံဘဲ ကျနော်တို့ကို ပြန်ပြီးတော့ ပါတီတွင်းကနေ ဖျက်ဖို့ ကြိုးစားတာပါ။ သူဟာ သူစိုက်တဲ့အပင်ကို သူပဲ ကိုယ်တိုင်ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ ပါတီပြိုကွဲအောင်လုပ်တဲ့အတွက် ကျနော်တို့အားလုံးက တပြေးညီ ဆုံးဖြတ်ပြီး ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။”

ပါတီခေါင်းဆောင် ၁၈ ယောက်က သူ့ကို ဒုတိယ ခေါင်းဆောင်အဖြစ် တင်မြှောက်ထားတာမို့ လူမစုံဘဲ အခုလို ထုတ်ပစ်တာဟာ အကျုံးမ၀င်ဘူးလို့ ဦးသိန်းညွန့်က ပြောပါတယ်။

“ကော်မရှင်ဥပဒေအရ ကျနော်က NDF ပါတီရဲ့ ဒုတိယ ခေါင်းဆောင်ပဲ။ ကျနော့်ကို ၁၈ ယောက်က တင်ထားတဲ့ဟာကို ၁၂ ယောက် ဆုံးဖြတ်ချက်နဲ့ ဖြုတ်လို့မှ မရဘဲ။ သူတို့အကြောင်းပြတဲ့ဟာက ကျနော်က အဲဒီနေ့ သူတို့ခေါ်တာမလာလို့။ ကျနော် ဘယ်လာမလဲ။ အဲဒီနေ့က ရုံးပိတ်ရက်လေ။ မွတ်ဆလင် ဘာသာဝင်တွေရဲ့ အစ်နေ့ပွဲတော်။ ကျနော်က သင်္ကန်းကျွန်းမှာရှိတဲ့ မွတ်ဆလင် လူထုကို သွားပြီး နှုတ်ဆက်နေတာ။

“ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူတို့ကို ကျနော် ပြောခဲ့တယ်။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ရွေးကောက်ပွဲပြီးရင် သူတို့ ငွေစာရင်းကိစ္စတွေ၊ ၀န်ခံချက်တွေ ချိုးဖောက်ထားတာတွေကို နိုင်ငံရေးအရ ကျနော် စာရင်းရှင်းမယ်လို့ ပြောပြီးသားပဲ။ အဲဒါကို သူတို့က ပါတီတွင်းမှာ ကျနော်နဲ့ မဆွေးနွေးဘဲနဲ့ သူတို့က ကျနော့်ကို ကြိုပြီးတော့ အခုလိုလုပ်တာက နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရ တရားမ၀င်ဘူး။

“သူတို့က ရွေးကောက်ပွဲ ရန်ပုံငွေတွေကို ဗုံးထားတဲ့ ကိစ္စတွေကို ကော်မရှင်ကို တင်ပြပြီးတော့ ဆက်လက် အရေးယူဖို့ ပြင်ဆင်ထားပါတယ်။ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို တရားဝင် ခေါ်တာ မှန်သမျှ ကျနော် တက်တယ်။ အရေးပေါ် အစည်းအဝေးကို ဘယ်လိုခေါ်ရမယ်ဆိုတာ ကျနော်တို့ ဆုံးဖြတ်ထားတာ ရှိတယ်။ အဲဒါတွေကို သူတို့ တခုမှ မလုပ်ခဲ့ဘူး။ အခုဟာ သူတို့က ရွေးကောက်ပွဲနိုင်တဲ့ ကျနော့်ကို ကွန်ဂရက်ကျူလေးရှင်း မလုပ်တဲ့အပြင် အောင်နိုင်တဲ့ ကျနော့်အပေါ်မှာ၊ လူထုအပေါ်မှာ သြဇာရှိတဲ့ ကျနော့်အပေါ်မှာ နိုင်ငံရေးအရ လုပ်ကြံလိုက်တယ်လို့ပဲ ကျနော် ယူဆပါတယ်။”

NDF ပါတီက အခုလို ထုတ်ပစ်လိုက်တဲ့အတွက် ဦးသိန်းညွန့်အနေနဲ့ လွှတ်တော်ထဲမှာ ပါတီကို ကိုယ်စားပြုတဲ့လွှတ်တော်အမတ် မဟုတ်တော့ဘဲ တသီးပုဂ္ဂလအမတ် အဖြစ်နဲ့ပဲ ဆက်လက် တည်ရှိ သွားမှာ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သူက NDF ပါတီလွှတ်တော်အမတ် မဟုတ်သလို NDF ပါတီရဲ့ ပြောရေးဆိုခွင့်လည်း မဟုတ်ပါဘူး။ ပါတီဝင်လည်း မဟုတ်တော့ပါဘူး။ ပါတီ ဒု-ခေါင်းဆောင်လည်း မဟုတ်တော့ပါဘူး။ NDF နဲ့ သူ ဘာမှ မပတ်သက်တော့ပါဘူး။ ဒါကြောင့်မို့ သူပြောတာ ဆိုတာတွေဟာ ခမောက်ပါတီ NDF နဲ့ ဘာတခုမှ မသက်ဆိုင်တော့ပါဘူး။ သူက အပြင်လူ ဖြစ်သွားပါပြီ။

“လွှတ်တော်မှာ ပြည်သူ ရွေးချယ်ထားတဲ့ ကိစ္စကတော့ မပျက်ယွင်းပါဘူး။ NDF တံဆိပ်ကို သူယူပြီး တော့ ရွေးကောက်တင်မြှောက်ပြီး NDF ကို ပုတ်ခတ်တိုက်ခိုက်တဲ့အတွက် ထုတ်လိုက်တဲ့ အခါမှာ သူ့ကို ကော်မရှင်က တသီးပုဂ္ဂလအနေနဲ့ သတ်မှတ်မှာ ဖြစ်ပါတယ်”

ပါတီက အခုလို ထုတ်တာကို ရွေးကောက်ပွဲ ကော်မရှင်က လက်ခံရင်တော့ သူ့အနေနဲ့ တသီးပုဂ္ဂအမတ် အဖြစ်နဲ့ ဆက်လက် တည်ရှိသွားမယ် ဆိုတဲ့အပေါ် ဦးသိန်းညွန့်က လက်ခံပါတယ်။ ဒါပေမဲ့ သူနဲ့ ပါတီ အကြားမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေး အရှုပ်အထွေးကိစ္စ အပါအ၀င် တခြား ကိစ္စရပ်တွေကိုတော့ ဥပဒေ ကြောင်းအရ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

“ထုတ်တာကို ကော်မရှင်က လက်ခံရင်တော့ ကျနော်က တသီးပုဂ္ဂလ အမတ်ပေါ့။ သူတို့ထုတ်တာကို ကော်မရှင်က လက်မခံဘဲ သူတို့ကို ပြန်ပြီးတော့ အပက ၃ နဲ့ ညှိနှိုင်းပြီးတော့ အရေးယူလို့ ရှိရင်လည်း ကျနော်က ဒုတိယ ခေါင်းဆောင်ပဲလေ။ ကော်မရှင်က ကျနော့်ကို အသိအမှတ် ပြုထားတာ။ သူတို့က အသိအမှတ်ပြုဖို့မှ မလိုဘဲ။ ကျနော်က ရွေးကောက်ပွဲ ကော်မရှင်ကို သူတို့လုပ်တာ တရားမ၀င်ကြောင်း တင်ပြမယ်။ သူတို့ ၀န်ခံချက် ချိုးဖောက်တာကိုလည်း ကျနော် တင်ပြမယ်။ အဲဒါကို ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းပြီးတော့ အဲဒီအဆုံးအဖြတ်ကို ကျနော် စောင့်မှာပေါ့။ ဥပဒေကြောင်းအရပဲ ဆောင် ရွက်ပါမယ်။”

မနေ့ကပဲ NDF ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတဲ့ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွန့် ပြောသွားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကာလအတွင်းမှာ ကတည်းက ၆ ပါတီ မဟာမိတ် ဖွဲ့စည်းရေးကိစ္စ အပါအ၀င် ပါတီတွင်း ရန်ပုံငွေကိစ္စတွေနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင်တွေနဲ့ ဦးသိန်းညွန့်အကြား မကျေမလည် ဖြစ်နေခဲ့ရာက အခုလို ပါတီထဲက ထုတ်ပစ်တဲ့အထိ အခြေအနေတွေ တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG