သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ဖွံ့ပါတီဝင် များတိုင်း အထင်ကြီးစရာမလို


စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရ ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာအရ ပါတီဝင်အင်အား ၁,၀၀၀ ရှိဖို့ ဆိုတာ အခက်အခဲ မရှိနိုင်ဘူးလို့ ဆိုသလို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေ ပါတီမှာ မဝင်မနေရ ပါတီဝင် သန်းနဲ့ချီရှိပေမဲ့ လက်တွေ့မှာ ထိရောက်မှု မရှိနိုင်ဘူးလို့ ပါတီခေါင်းဆောင်တချို့က ပြောပါတယ်။ ပါတီဝင်အင်အားကို ရွေးကောက်ပွဲကော်မရှင် တင်ပြရမယ်လို့ ဒီကနေ့ထုတ် သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့အတွက် အခုလို ပြောဆိုကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

တနိုင်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင်အင်အား ၁,၀၀၀ ရှိရမယ်၊ ပြည်နယ်နဲ့တိုင်း တခုထဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ် ဆိုရင်တော့ ပါတီဝင်အင်အားဟာ ၅၀၀ ရှိရမယ်ဆိုပြီး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်တဲ့အချိန်ကတည်းက ဖော်ပြထားပြီးသားဖြစ်ပါတယ်။ အဲဒီ ဥပဒေကိုပဲ ဒီကနေ့ထုတ် သတင်းစာထဲမှာ ထပ်လောင်း အသိပေးတဲ့ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီဝင် အရေအတွက် ပြည့်မှီဖို့ အခက်အခဲ မရှိနိုင်ဘူးလို့ ရွေးကောက်ပွဲဝင်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မှတ်ပုံတင်ခဲ့တဲ့ NDF ပြည်သူ့ဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“အဲဒါတော့ ကျနော်တို့ သိပ်တော့ အခက်အခဲ ရှိမယ်မထင်ပါဘူးခင်ဗျ။ ပါတီဝင် ၁,၀၀၀ ဆိုတာက ကျနော်တို့ အခုလောလောဆယ် မဟုတ်သေးဘူးလေ။ သူတို့ဆီကနေ ကျနော်တို့ လျှောက်လွှာကို လက်ခံပြီးမှ ဒီ မှတ်ပုံတင်ခြင်းကို ခွင့်ပြုပြီဆိုတော့မှ ကျနော်တို့ ၁,၀၀၀ ကို တင်ရမှာလေ။ ဒီ ၁,၀၀၀ ကတော့ ကျနော်တို့ သိပ်တော့ မခက်ပါဘူး။ ဒါကတော့ အစစောကြီးကတည်းက ဥပဒေ ကြေညာကတည်းက ဒီအချက်က ပါပြီးသားပဲဟာလေ။ ဒါကတော့ ကိုယ့်ဟာကိုယ် အစကတည်းက ပြင်ဆင်ထားရမယ့်ဟာလေ။”

တနိုင်လုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေအနေနဲ့ ပါတီဝင် ၁,၀၀၀ ပြည့်ဖို့ အခက်အခဲ မရှိပေမဲ့ အဖွဲ့ဝင်ပေါင်း သန်းနဲ့ချီရှိတယ်လို့ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲ မဖွဲ့စည်းခင်ကတည်းက တရားဝင် ပြောဆိုနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တန်းတူ ယှဉ်ပြိုင်ဖို့တော့ အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။

ဒါပေမဲ့ အရင် မဆလ၊ တစည ပါတီတွေ ခေတ်တုန်းကလည်း အခုလို ပါတီဝင်တွေ အများအပြား ရှိခဲ့ပေမဲ့ လက်တွေ့မှာ ထင်သလို ဖြစ်လာလေ့မရှိခဲ့တဲ့ သာဓကတွေ ရှိတယ်လို့ ဒေါက်တာသန်းငြိမ်းက ဆက်ပြောပြပါတယ်။

“ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ကတော့ သူတို့ အသင်းဝင်တွေကနေ ဝင်မှာဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် နေကြတာတွေ ရှိမှာပေါ့ဗျာ။ သို့သော်လဲပဲ ဒါတွေဟာ ကျနော်တို့က တကယ်တမ်းကျတော့ ဒါကို သိပ်ပြီးတော့ ထည့်မတွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလဲ မဆလ ခေတ်တုန်းက ကျနော်တို့ ဒီလို ပါတီဝင်တွေ သန်းနဲ့ချီ ရှိတာပဲ။ ဒီလိုပဲ ပြောတာပဲလေ။ အဲဒီကနေ တစည ဖြစ်တော့လဲ ဒါတွေဟာ တစည ပါတီဝင်တွေ ဖြစ်ပြီးတော့ သူတို့အင်အားတွေ ဖြစ်လိမ့်မယ်လို့ ဒီလိုပဲ ယူဆခဲ့ကြတာပါပဲ။ သို့သော် လက်တွေ့ကြတော့ ဒီလိုမဖြစ်တာတွေ အများကြီးပါ။”

NDF ပါတီအနေနဲ့ အခုမှ မှတ်ပုံတင်ပြီးခါစ ဖြစ်သေးတာကြောင့် မဲဆွယ် စည်းရုံးမှုတွေ လုပ်ပိုင်ခွင့်မရှိသေးပေမဲ့ အစောပိုင်းကတည်းက မှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်ရပြီး ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ အနေနဲ့တော့ နယ်တွေမှာ စည်းရုံးရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလို့ ပါတီအကြီးအကဲ ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့ လုပ်နေပါပြီ။ နောက်ပြီးတော့ တပြည်လုံးအနေနဲ့ လုပ်တာပေါ့နော်။ အခုတော့ registration လုပ်ပြီးပြီဆိုတော့ တပြည်လုံးက အဆက်အသွယ်တွေ လာပါတယ်။ တပြည်လုံးလည်း လုပ်နေပါတယ်။ သူကတော့ မန္တလေးတို့၊ စစ်ကိုင်းတို့ဘက်ကို သွားတယ်လေ။ ပြီးတော့ ပဲခူးတိုင်းဘက်က ပဲခူးတို့၊ တောင်ငူတို့ အဲဒီလို ဆင်းတာပေါ့နော်။ တခြားနယ်တွေလည်း ဆင်းမှာပါ။ ပဲခူးတိုင်း အနောက်ပိုင်း၊ ဧရာဝတီ တို့၊ ဂွ တို့ အဲဒီလိုပေါ့။”

ဒီကနေ့ စစ်အစိုးရထုတ် သတင်းစာအတိုင်း အတိအကျ ပြောရမယ်ဆိုရင်တော့ - ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ပါတီ ရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၃၁) ပါတီအနက် ပါတီ (၂၄) ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့် ပါတီများကိုလည်း စိစစ်ဆောင်ရွက်လျက် ရှိကြောင်းလို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG