ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က လူအသေအပျောက် ဖြစ်တဲ့အထိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့တော်နဲ့ ခရိုင်အတော်များများမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာကို ထိုင်းအစိုးရက ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီမို့ ညမထွက်ရအမိန့် ဆက်ပြီး ထုတ်ပြန်ထားဖို့ မလိုအပ်တော့ဘူးလို့ ဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ က ဒီကနေ့ စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အင်္ကျီနီဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဘန်ကောက်က စီးပွားရေး အချက်အခြာနေရာကို နှစ်လကြာ သိမ်းပိုက် ဆန္ဒပြခဲ့ကြပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်တပ်က အင်အားသုံး နှိမ်နင်းဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်တဲ့ အကြမ်းဖက် ရုန်းရင်း ဆန်ခတ်မှုတွေအတွင်း လူ ၈၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
ပြည်ပရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှီနာဝဒ် ကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ အင်္ဂါနေ့မှာ ထိုင်းတရားရုံးတခုက ဖမ်းဆီးမိန့်ထုတ်ခဲ့ပါတယ်။ Interpol အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မစ္စတာတက်ဆင်ကို ဖမ်းဆီးပြီး ပြန်ပို့ပေးဖို့ နှိုးဆော် တိုက်တွန်းချက် ထုတ်ပြန်ပေးရေး Interpol ကို တောင်းဆိုမယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။
မစ္စတာတက်ဆင်ဟာ အာဏာသိမ်း ဖြုတ်ချခံရပြီးကတည်းက ပြည်ပမှာ နေထိုင်နေတာဖြစ်ပြီး နိုင်ငံအတော်များများမှာ ခိုလှုံ နေထိုင်နိုင်ခဲ့ပါတယ်။