သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရထားတိုက်မှု လူ ၃၀၀ နီးပါး သေဆုံး


INDIA-ACCIDENT/
INDIA-ACCIDENT/

အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံး ရထားတိုက်မှု ဖြစ်ပွားခဲ့တာမှာ ၃၀၀ နီးပါး သေဆုံးပြီး ထောင်ဂဏန်း ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ နိုင်ငံအရှေ့ပိုင်း သြရဿ (Odisha) ပြည်နယ်မှာ သောကြာနေ့ည ဒေသစံတော်ချိန် ၇ နာရီလောက်မှာ Shalimar မြို့ကနေ Chennai မြို့ကို သွားတဲ့အမြန်ရထား လမ်းချော်ပြီး မျက်နှာချင်းဆိုင် ရထားလမ်းမှာ ရပ်နေတဲ့ ကုန်တင်ရထားကို ဝင်တိုက်ခဲ့တာပါ။

အဲဒီရထား ၂ စင်း တိုက်မိထားလို့ ရထားတွဲတွေ ပိုင်းပြတ်ပျက်စီးနေချိန်မှာပဲ Yeswanthpur မြို့ကနေ Howrah မြို့ကိုသွားတဲ့ နောက်ထပ်အမြန်ရထားတစီးက ဝင်တိုက်ခဲ့တာလို့၊ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ လူပေါင်း ၂၈၀ ထက်မနည်း သေဆုံးခဲ့တဲ့ ရထားတိုက်မှု ဘယ်လိုကြောင့် ဖြစ်ရသလဲဆိုတာကို စုံစမ်းမယ်လို့ မီရထားဝန်ကြီး Ashwini Vaishnaw က ပြောကြားခဲ့ပါတယ်။

မီးရထားဆက်သွယ်ရေး စိတ်ချလုံခြုံမှုနဲ့ဆိုင်တဲ့ အဆင့်မြင့်ကော်မတီတဖွဲ့နဲ့ ကော်မရှင်နာမင်းကြီးတို့က ရထားတိုက်မှု ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်း ဇစ်မြစ်ကို သိရှိသဘောပေါက်အောင် စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ မီးရထားဝန်ကြီးက ပြောကြားသွားတာ ဖြစ်ပါတယ်။

ရထားတိုက်မှုနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် Narendra Modi ကလည်း New Delhi မြို့တော်မှာ ဒီနေ့ အစောပိုင်းက အရေးပေါ် အစည်းအဝေး ခေါ်ခဲ့ပြီးနောက် ညနေပိုင်းမှာ ရထားတိုက်မှုုဖြစ်ခဲ့တဲ့ (Odisha) သြရဿပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

ပျက်စီးသွားတဲ့ ရထားတွဲတွေကြား အသက်ရှင်နိုင်သူတွေကို လိုက်ရှာနေတဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ခရီးသည်တင် အမြန်ရထား ၂ စီးလုံးပေါ်မှာ အသက်ရှင် ဒဏ်ရာရသူတွေ ထပ်မတွေ့တော့ဘူးလို့ ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်နေသူ ထောင့် ၂ ရာကျော်ရှိပြီး လိုအပ်တဲ့ ကုသမှုတွေအတွက်လည်း ရွှေ့လျားသွားနိုင်တဲ့ ဆေးပေးခန်း ၄၅ ခုနဲ့ ကုသပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ နေ့စဉ် မီးရထားနဲ့ သွားလာနေကြသူ ၁၂ သန်းကျော်ရှိပါတယ်။ ရထားလမ်းချော် မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်တတ်ပေမဲ့ ခုလောက် အများအပြား သေဆုံးရတဲ့ ရထားတိုက်မှုမျိုး ဆယ်စုနှစ်နဲ့ချီရှိပြီလို့ အိန္ဒိယအစိုးရက ပြောပါတယ်။

XS
SM
MD
LG