သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆင်ရေး တလအတွင်း ရိုဟင်ဂျာ ၆၇၀၀ ထက်မနည်း အသတ်ခံရဟု MSF ထုတ်ပြန်


ဘင်္ဂလားဒေ့ရှ်ဘက် နတ်မြစ်ကို ကျော်ဖြတ်ကူးပြေးလာတဲ့ ရိုဟင်ဂျာမူဆလင်အမျိုးသမီးတဦး။
ဘင်္ဂလားဒေ့ရှ်ဘက် နတ်မြစ်ကို ကျော်ဖြတ်ကူးပြေးလာတဲ့ ရိုဟင်ဂျာမူဆလင်အမျိုးသမီးတဦး။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ စတင်တဲ့ ပထမတလအတွင်း သေဆုံးသူ ရိုဟင်ဂျာမူဆလင် အရေအတွက်ဟာ ၆,၇၀၀ ထက်မနည်း ရှိခဲ့ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မေးမြန်းပြုစုထားတဲ့ စစ်တမ်းကို ဒီကနေ့ထုတ်ပြန်ရာမှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ MSF က ခန့်မှန်းပြောဆိုခဲ့တာပါ။

သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက်အရွယ်ကလေးငယ် အနည်းဆုံး ၇၃၀ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ MSF အဖွဲ့ရဲ့ ဆေးဖက်ဆိုင်ရာ ညွှန်ကြားရေးမှူး Sidney Wong ကတော့ စစ်တမ်းကောက်ယူရာမှာ သေဆုံးသူ မိသားစုဝင် အရေအတွက် ကိန်းဂဏန်း အပေါ်မှာသာမက၊ သေဆုံး ဒဏ်ရာရအောင် အကြမ်းဖက်ခံရတဲ့ ပုံစံကို ကြားသိခဲ့ရတာဟာ တုန်လှုပ်စရာ ဖြစ်ရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို သြဂုတ်လ ၂၅ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားကြတာပါ။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် အရပ်သားတွေဟာ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု ရွာတွေကို မီးရှို့မှုတွေ ကျုးလွန်ခဲ့ကြပြီး၊ ရိုဟင်ဂျာ ၆ သိန်းကျော်ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရကြောင်း လူ့အခွင့်အရေး အဖွဲ့တွေကလည်း ပြောဆိုထားကြပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ စစ်ဆင်ရေးတွေအတွင်း လက်နက်ကိုင် အစွန်းရောက် ၄၀၀ နီးပါးကို အသေဖမ်းဆီးမိကြောင်း ပြောဆိုထားတာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာရာက စုံစမ်းစစ်ဆေးရေးအဖွဲ့တခုဖွဲ့ပြီး စစ်ဆေးခဲ့တဲ့ မြန်မာစစ်တပ်ကတော့၊ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိချက်တွေကို အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG