သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NED ကို ရုရှားပိတ်ပင်


ရုရှားနိုင်ငံမှာ အငြင်းပွားစရာဖြစ်နေတဲ့ ဥပဒေသစ်ပြဌာန်းချက်အရ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် NED ခေါ် National Endowment for Democracy အဖွဲ့ကို မလိုလားအပ်တဲ့အဖွဲ့အဖြစ် ရုရှားအစိုးရရှေ့နေတွေက အင်္ဂါနေ့က သတ်မှတ်လိုက်ပါတယ်။ ဒါဟာ ပြည်ပအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေထဲ ပထမဆုံးအကြိမ် NED အဖွဲ့အစည်းကို ရုရှားက ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်ကနေ တိုက်ရိုက် ငွေကြေးထောက်ပံ့မှုကိုရနေတဲ့ NED အဖွဲ့ဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အကူအညီပေးနေတာပါ။

ရုရှားအစိုးရရှေ့နေချုပ်ရုံးရဲ့ အင်တာနက်ဝဘ်ဆိုဒ်ပေါ်က ကြေညာချက်မှာတော့ NED အဖွဲ့ဟာ ရုရှားနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို တရားမဝင်ဖြစ်အောင်၊ အစိုးရဆုံးဖြတ်ချက်တွေကို လွှမ်းမိုးအောင်နဲ့ ရုရှားစစ်တပ်ရဲ့ဆောင်ရွက်မှုတွေကို သိက္ခာချအောင် စတာတွေကို လုပ်ဆောင်ဖို့ ရုရှားစီးပွားရေးလုပ်ငန်းအဖွဲ့တွေ၊ ကုန်သွယ်မှုနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲ ဖေါ်ပြထားပါတယ်။

NED အဖွဲ့ကို ၁၉၈၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း (၉၀) ကျော်မှာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ NGO အဖွဲ့တွေကို အကူအညီပေးဖို့ တနှစ်ကို စီမံကိန်းပေါင်း တထောင် ကျော် ချမှတ်ဆောင်ရွက်နေတာပါ။ ရုရှားနိုင်ငံမှာ နှစ်ပေါင်းများစွာကတည်းက ရပ်တည်လှုပ်ရှားနေတဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Moscow Helsinki အဖွဲ့အပါအဝင် လူထုအခြေပြုအဖွဲ့တွေကို NED ကငွေကြေးထောက်ပံ့နေတာဖြစ်ပါတယ်။

အခုလို ရုရှားနိုင်ငံမှာ ပြဌာန်းလိုက်တဲ့ မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ဥပဒေသစ်ဟာ ရုရှားနိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ တင်းကျပ်တဲ့ ဥပဒေတွေထဲက တခုဖြစ်တယ်လို့ NED က အင်္ဂါနေ့က ပြန်ပြီးတုန့်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG