သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသူ McConnell ကို NED ဂုဏ်ပြု


NED ဒီမိုကရေစီ ပံ့ပိုးကူညီမှုဆု
NED ဒီမိုကရေစီ ပံ့ပိုးကူညီမှုဆု

မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell ကို ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် ဒီမိုကရေစီ ပံ့ပိုးကူညီမှုဆု ချီးမြှင့်လိုက်ပါတယ်။

Mitch McConnell ဟာ မြန်မာ့ဒီမိုကရေစီရေးကနေ ယူကရိန်းအရေးအထိ ကမ္ဘာတဝန်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဦးဆောင် လှုပ်ရှားသူတွေကို ထောက်ခံရာမှာ ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတွေထဲမှာ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြတ်ပြတ်သားသား ထောက်ခံမှုပြခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် ပါတီကြီးနှစ်ရပ်လုံးက သဘောတူထားတဲ့ Burma Act ပြဌာန်းချက်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် ရန်ပုံငွေကြေး နဲ့ နည်းပညာ အထောက်အပံ့တွေ ပေးနိုင်အောင်၊ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ PDF အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်သွယ်ပြီး လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ရေး အကောင်အထည်ပေါ်လာအောင် အမေရိကန် အစိုးရကို ဦးဆောင် တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ အမေရိကန်ရဲ့ သြဇာအရှိဆုံး ရီပတ်ဘလစ်ကန် ထိပ်တန်းခေါင်းဆောင် ၃ ဦးထဲမှာ ပါသလို၊ အမေရိကန်သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ရီပတ်ဘလစ်ကန် ကိုယ်စားပြု အထက်လွှတ်တော် ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ Kentucky ပြည်နယ်ရဲ့ သက်တမ်းအရှည်ဆုံး အထက်လွှတ်တော်အမတ်လည်း ဖြစ်တဲ့ Mitch McConnell ဟာ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့သြဇာသက်ရောက်မှု အရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ၃ ကြိမ် ဖော်ပြခံရဖူးပါတယ်။

အခု NED က ၂၀၂၄ ခုနှစ်အတွက် ပေးအပ်တဲ့ ဒီမိုကရေစီ ပံ့ပိုးကူညီမှုဆု ကိုတော့ Mitch McConnell နဲ့အတူ အောက်လွှတ်တော်ဥက္ကဌဟောင်း၊ ဒီမိုကရက်လွှတ်တော်အမတ် Nancy Pelosi နဲ့ ရုရှား၊ တိဘက်နဲ့ ဘဲလားရုစ် နိုင်ငံတွေက ဒီမိုကရေစီခေါင်းဆောင် ၃ ဦး ဂုဏ်ပြု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ June လ ၁၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG