သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ဖို့ ဒေါ်စု ထောက်ပြ


မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ကိစ္စတခုအဖြစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖို့ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုတွေ ရရှိဖို့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့တာပါ။

ဒိုဟာညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာတွေကိုတော့ မအင်းကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ အင်္ဂါနေ့က စတင်ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားပါတယ်။ ကျန်းမာရေးမှာ စိတ်ဓာတ်ရေးရာအပိုင်းကို အာရုံစိုက်ဖို့ လိုအပ်တဲ့အကြောင်း သူက အဓိက ပြောသွားတာပါ။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်တဲ့စနစ်မှာ စံနှုန်းတန်ဖိုးတွေက ပိုပြီး အရေးကြီးတာကြောင့် မြန်မာနိုင်ငံမှာလည်း ဒီအတိုင်း ပုံဖော် ဆောင်ရွက်ချင်ကြောင်း သူက အခုလို ပြောပါတယ်။

“ကျန်းမာရေးစနစ်အတွက် အလွန်အမင်း ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ စံတန်ဘိုးတွေအပေါ်မှာ မူတည်ပြီး ကျမအနေနဲ့ ပုံသွင်းချင်ပါတယ်။ ဒီစံတန်ဘိုးတွေကိုလည်း အမြင့်ဆုံး ဖြစ်စေချင်ပါတယ်။ Lord Darzi ပြောသွားသလိုပါပဲ တီထွင်ဆန်းသစ်မှုတွေ ဆိုတာက ပိုကောင်းတဲ့ စံတန်ဘိုး အသစ်တွေပါ။ ဒီအတိုင်းပဲ ကျမအနေနဲ့လည်း မြင်တွေ့ချင်ပါတယ်။”

ကာတာနိုင်ငံလို ကြွယ်ဝတဲ့ တိုင်းပြည်က ကျန်းမာရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး
ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံလို အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံမှာ ချမ်းသာမှုတွေအပေါ် အခြေခံပြီး ဆောင်ရွက်တာမျိုးထက် လိုအပ်ချက်တွေကို ဦးစားပေး ဆောင်ရွက်တာတွေကို ဦးတည်တာမျိုး ဖြစ်စေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ၂ ခုလုံးဟာ အရေးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့တာပါ။

“နောက်ဆုံးမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ရှောက်တာပါ။ ဒီနေ့မနက်ပိုင်းမှာ ဆွေးနွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စမှာဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံးကို တခုချင်းစီ ခွဲပြီးမကြည့်ဘဲ နှစ်ခုစလုံး တပြိုင်တည်း ကြည့်ဖို့အတွက် ဆွေးနွေးခဲ့တာပါ။”

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး ကျမတို့ ကြိုးစားပြီး တတ်နိုင်သလောက် ကူညီစောင့်ရှောက်တာကို ကျမ သတိရမိတယ်။ ဆေးဝါးကုသဖို့ ထောက်ပံ့တာ၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျမတို့ နှစ်မျိူးလုံး အကူအညီတွေ ပေးခဲ့ပါတယ်။ အဲဒီမှာ ကျမတို့ အခက်အခဲ တွေ့တာက ကျန်းမာရေးဆိုင်ရာ အကူအညီပေးတာကို သူတို့ လက်ခံဖို့ဆိုတဲ့ အချက်ပါ။ ဒါကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးနဲ့မဆို ချိတ်ဆက်နေတဲ့ လူမှုရေးအမည်းစက်တခုလို သဘောထားတာကြောင့် အဲဒါကို လက်မခံဘဲ ငြင်းဆန်တဲ့ အနေအထားမျိုး သူတို့ကို ရောက်နေစေပါတယ်။”

ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ World Innovation Summit for Health ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံကို နိုင်ငံတကာက အစိုးရခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်နေကြပါတယ်။ ဒီညီလာခံကို Qatar Foundation ရဲ့ဥက္ကဌ ကာတာ စော်ဘွားကတော် Sheikha Moza bint Nasser က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

ဒီကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ Imperial College နဲ့ Qatar Foundation တို့ကနေ ပူးပေါင်းပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စတင် ကျင်းပခဲ့တာပါ။ မကူးစက်နိုင်တဲ့ရောဂါနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် စတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေက တက်ရောက် ဆွေးနွေးခဲ့ကြပါ တယ်။
XS
SM
MD
LG