သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာငြိမ်းချမ်းရေး ဆွေးနွေးဖို့ စေ့စပ်ညှိနှိုင်းသူတွေ အီဂျစ်နိုင်ငံရောက်ရှိ

ဂါဇာစစ်ပွဲ ၆ လ ရှိလာချိန်မှာပဲ ၂ ဘက် အပစ်အခတ်ရပ်စဲရေး နဲ့ ဓါးစာခံတွေက ပြန်လွှတ်ပေးရေးကိစ္စတွေကို ထပ်ဆွေးနွေးဖို့အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) အကြီးအကဲ Bill Burns အပါအဝင် စေ့စပ်ဆွေးနွေးသူတွေဟာ အီဂျစ်နိုင်ငံကိုင်ရိုမြို့ကို မနေ့က စတင်ရောက်လာခဲ့ကြပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Al-Thani နဲ့ အစ္စရေးကိုယ်စားလှယ်အဖွဲ့တို့လည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးသွားမယ်လို့ ခန့်မှန်းကြောင်း အီဂျစ်သတင်းက မနေ့က ဖော်ပြပါတယ်။ Hamas ကတော့ ဂါဇာမှာရှိတဲ့ သူတို့ရဲ့ ဒုတိယအကြီးအကဲ Khalil Al Hayya ကို စေလွှတ်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပြီး အဲဒီကြေညာချက်မှာတော့ သူတို့ရဲ့ အဓိက တောင်းဆိုချက်တွေဖြစ်တဲ့ ဂါဇာမှာ လုံးဝအပစ်ရပ်ဖို့ နဲ့ အစ္စရေးစစ်တပ်တွေ လုံးဝရုပ်သိမ်းပေးဖို့ အခိုင်အမာ တောင်းဆိုထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အီဂျစ်သမ္မတ Abdel Fattah el-Sissi နဲ့ ကာတာနိုင်ငံ အကြီးအကဲ Sheikh Tamim bin Hamad Al-Thani တို့ကို ဓါးစာခံလွှတ်ပေးရေးကိစ္စဆွေးနွေးဖို့ အခြေအနေနဲ့ပတ်သက်ပြီး စာရေးသားပေးပို့ခဲ့ပြီး Hamas တွေက ဒီကိစ္စကို လက်ခံအောင်လုပ်ဖို့ တိုက်တွန်းထားတယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးဆိုင်ရာပြောခွင့်ရ John Kirby က ပြောလိုက်ပါတယ်။ ဒါ့အပြင် သမ္မတဘိုင်ဒန်က ဂါဇာကို နောက်ထပ်လူသားချင်းစာနာမှုအကူအညီတွေတတ်နိုင်သလောက် အမြန်ဆုံး ပေးနိုင်အောင်ခွင့်ပြုပေးမယ့် သဘောတူညီမှုရအောင် ကိုင်ရိုမှာ ဆွေးနွေးမယ့်သူတွေကို လုပ်ပိုင်ခွင့်အာဏာပေးဖို့ အစ္စရေးဝန်ကြီးချုပ်ကို ပြောလိုက်ပါတယ်။

အစ္စရေးဘက်ကတော့ ဂါဇာမှာဖမ်းထားတဲ့ ဓါးစာခံတွေကို မလွတ်မချင်း ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် Netanyahu က ဒီနေ့ကျင်းပတဲ့ အစ္စရေးအစိုးရအဖွဲ့ အပတ်စဉ်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

This item is part of

Forum

XS
SM
MD
LG