အမေရိကန်ပြည်ထောင်စု မြောက် ကယ်ရို လိုင်းနား ပြည်နယ်က မြန်မာ မိသား စုနေအိမ် မှာ ပြီးခဲ့တဲ့ ရက်ပိုင်း က ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး - တရားခံ လို့ စွပ်စွဲခံ ထားရသူကို မနေ့ ကြာသပတေးနေ့က စတင်ရုံးထုတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကရင်တိုင်းရင်းသား စောအဲလာဒိုထူးကို လူသတ်မှု ၃ မှု အပါအဝင် တခြား စွဲချက်တွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ပြီး၊ အပြစ်ရှိရင် တော့ - အမြင့်ဆုံး အပြစ်ဒဏ်ကို ကျခံရနိုင် မှာဖြစ်ပါတယ်။ လောလောဆယ် မှာတော့ သေဆုံး သွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရဲတွေက စစ်ဆေးနေ ဆဲဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ် နယူးဘန်းမြို့က ကရင်နီဒုက္ခသည် မိသားစုနေအိမ်မှာ မတ်လ ၁၇ ရက် အင်္ဂါနေ့ညက ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံလို့ စွပ်စွဲခံထားရသူ အသက် ၁၈ နှစ်အရွယ် ကရင်တိုင်းရင်းသား စောအဲလာဒိုထူးကို ကြာသပတေးနေ့က စတင် ရုံးထုတ်ခဲ့ပြီး၊ သူ့ကို လူသတ်မှု ၃ မှု အပါအဝင် လူသတ်ရန်ကြံစည်မှုဖြင့် အပြင်းအထန် နာကျင်စေမှု တို့နဲ့ တရားစွဲဆိုသွားမယ့် အကြောင်း တရားရုံးက အသိပေးခဲ့ပါတယ်။
အမှုတခုခြင်းစီအတွက် အများဆုံးခံရနိုင်တဲ့ ပြစ်ဒဏ်တွေကို လည်း စောအဲလာဒိုထူး ကို တရားရုံးတော်က ရှင်းပြခဲ့ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ စောအဲလာဒိုထူး အနေနဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ - သူဟာ - အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ် ဒါမှမဟုတ် လွတ်ရက်မရှိတဲ့ ထောင်ဒဏ်တသက်တကျွန်းအထိ ကျခံရမှာလည်းဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဒီအမှုအတွက် တရားရုံးက သူ့ကို အာမခံ မပေးပါဘူး။ အဲ့ဒီရုံးချိန်းကို - မိခင်ဖြစ်သူက သွားရောက်ခဲ့ပေမဲ့ - သားဖြစ်သူနဲ့တော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ မတ်လ ၁၇ ရက်နေ့က တရားခံအဖြစ် စွပ်စွဲခံ ထားရသူ စောအဲလာဒိုထူးဟာ သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်နီ ဒုက္ခသည် မိသားစုရဲ့ နေအိမ်ကိုသွားရောက်ခဲ့ပြီး၊ အသက် ၁ နှစ်၊ ၅ နှစ် နဲ့ ၁၂ နှစ်အရွယ် ညီအကို ၃ ယောက်ကို ဓားနဲ့ခုတ်သတ် ခဲ့တာ ဖြစ်ပါတယ်။
ကလေးတွေရဲ့မိခင်လည်း အခုတ်ခံခဲ့ရပေမဲ့ အသက်ဆုံးရှုံးမှုတော့ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အစ်မဖြစ်သူကလည်း အိမ်ပေါ်ကနေ ခုန်ဆင်း လွတ်မြောက်သွားခဲ့ပါတယ်။ အခင်းဖြစ်တဲ့ညကတော့ မိခင်နဲ့ အစ်မဖြစ်သူကို ဆေးရုံပို့ဆောင်ခဲ့ပေမဲ့ မစိုးရိမ်ရတော့ အတွက် အခုအခါ ဆေးရုံက ဆင်းခွင့်ပြု လိုက်ပြီး၊ လောလောဆယ် ဆွေမျိုး အိမ်တအိမ်မှာ နေ - နေတယ် လို့ သေဆုံးသွားသူတွေရဲ့ ဖခင်က ပြောပြပါတယ်။
လူသတ်တရားခံအဖြစ် စွပ်စွဲခံထားရသူ စောအဲလာဒိုထူးရဲ့ ဖခင်ကတော့ - သူ့သားဟာ မူးယစ်ဆေးစွဲနေပြီး၊ ဆေးဖြတ်နေချိန် အခုလို ဖြစ်သွားခဲ့တာလို့ ဗွီအိုအေကို ရှင်းပြပါတယ်။
"ဆေးသုံး ဆေးသောက်နေတဲ့အချိန်မှာကျတော့ အဲ့တာ ကိုယ်လည်းပဲ ပြောတာပေါ့နော်။ အဲ့ဒီလို မလုပ်နဲ့ နောက်ပြီးတော့ သူက ကျောင်း ထွက်ပြီးတော့ သူ အိမ်ထဲမှာပဲ နေနေတယ်လေ။ အပြင်လည်း မထွက်တော့ဘူး။ သူ အိမ်ခန်းထဲမှာပဲ သူ ဖြတ်မယ်ပေါ့နော်။ အဲ့တာကြောင့် သူဖြတ်မယ် ဆိုတော့လည်းပဲ သူအောက်တောင်မှ မဆင်းဘူး။ အိမ်ခန်းထဲမှာပဲ ထမင်းစားပြီးတော့ အိမ်ပေါ်မှာ သူပြန်တက်အိပ်နေတယ်။ ညရောက်တော့ မအိပ်တော့ဘူး။ ညရောက်တော့ သူက မအိပ်တော့ဘူး။ ညရောက်တော့ သူလျှောက်သွားနေတယ်။ သူ တခြားအိမ် မသွားဘူး။ သူများအိမ်တွေ ဘာတွေ မသွားဘူး။ ဟိုး ပင်လယ်နား မှာတို့၊ ရထားလမ်းတို့ ဘာတို့ သူလျှောက်သွားနေတယ်။ ကျနော်ပြောတာ ဒီလောက် ချမ်းနေတာ ဘာဖြစ်လို့ နင် လျှောက်သွားတာလဲ ။ သူပြောတာ ဘုရားသွားခိုင်းတာ ကျနော် သွားရတယ်တဲ့။ ဘုရား သွားခိုင်းလို့ မချမ်းဘူးတဲ့။ အဲ့တာကြောင့် ကျနော် အဲ့ဒီ့ကလေးဟာ ဦးနှောက် နည်းနည်း ထိခိုက်မှာပေါ့နော်။ အဲ့တာ ကျနော် ဆေးရုံမှာ သွားတယ်။ ဆေးရုံမှာသွားပြီးတော့ ဆေးကို ပေးသောက်တာပေါ့နော်။ ပေးသောက် ပြီးတော့ ဆေးက သူသောက်တာ တလပြည့်တာနဲ့ပဲ နောက်ရက် ဆေးသွားယူစားဖို့ အဲ့ဒီ့နေ့မှာပဲ သူ ဒီဟာပေါ်လာပြီးတော့ ဘယ်လိုဖြစ်တာလဲ မသိဘူး။ အဲ့တာကြောင့်။"
အသတ်ခံခဲ့ရတဲ့ ကလေး ၃ ယောက်ရဲ့ မိသားစုနဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲခံထားရသူ စောအဲလာဒိုထူးရဲ့ မိသားစုဟာ အိမ်နီးချင်း မိသားစုသဖွယ် ရင်းနှီးကြပါတယ်။ နှစ်မိသားစုလုံးက အသားသွတ်စက်ရုံမှာ လုပ်ကိုင်နေကြသူတွေပါ။
ဖခင်နှစ်ယောက်က စက်ရုံကနေ အတူတူ ပြန်လာချိန်မှ အခင်းပြဿနာကို သိခဲ့တာဖြစ်ပြီး၊ သေဆုံးသွားသူတွေရဲ့ဖခင်ကတော့ တရားသဘောနဲ့ ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
" ကျနော်ကတော့ စိတ်မကောင်းဘူးပေါ့နော်။ ဒီဟာကို ဘယ်လိုပြောရမလဲ။ ဖြစ်သွားခဲ့တာ ကလေးရဲ့ ပါရမီလို့ပဲ ပြောရမှာပေါ့။ ကျနော်လည်း ပြောလည်း မပြောတတ်တော့ဘူး။ ကျနော့်အနေနဲ့ကတော့ သူ မီးခွက်ထွန်းလို့ ကျနော် မီးခွက်ပြန်မထွန်းပါဘူး။ ကျနော် ရေအေးအေးပဲ ပြန်လောင်းပေးဖို့ရှိပါတယ်။ ဟိုတနေ့ကလည်း သူ့အဖေတို့ သူ့သားသမီးတွေ ဒီမှာ လာလည်တယ်လေ။ လာလည်လို့ရမလားတဲ့။ လာလည်လို့ရပါတယ်။ ကျနော်ပြောတာ။ ပြဿနာ ဘာမှ မရှိပါဘူး။ လာလည်လို့ရပါတယ်လို့။ သူတို့ လာလည်ကြတယ် ဒီမှာ။ အေးအေးဆေးဆေးပါ။ ကျနော်တို့က ဘာမှ ပြဿနာ မရှိပါဘူး။ ဒါ ကလေးက ဖောက်သွားတဲ့ သဘောမျိုးပေါ့နော်။ သူ အသက်လည်းပြည့်ပြီဆိုတော့ သူ့အပြစ်နဲ့ သူ့ဘာသာသူ ခံပါစေပေါ့။ အမေမိဘတွေနဲ့ ကျန်တဲ့ သူ့ညီအကို မောင်နှမတွေ နဲ့တော့ ဘာမှတော့ မဆိုင်ဘူးပေါ့။ ကျနော်ပြောတယ်။ အဲ့လိုမျိုး ပုံစံမျိုးနဲ့ ကျနော် နားလည်မှု အများကြီး ပေးပါတယ်။ အမျိုးသမီးကတော့ သူ့သားသုံးယောက်စလုံးဆိုတော့ အထွေးဆုံးလေးလည်း ပါသွားတော့ စိတ်ထိခိုက်မှု နည်းနည်းတော့ ရှိတာပေါ့။"
လောလောဆယ် သေဆုံးသွားတဲ့ ကလေး ၃ ယောက်ရဲ့ အလောင်းကို ရဲတွေက စုံစမ်းစစ်ဆေးဖို့အတွက် ယူထားပြီး ဖခင်ဖြစ်သူကတော့ သူ့သားတွေရဲ့ အလောင်းတွေကို အခုထိ မမြင်တွေ့ရသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူတို့နေအိမ်ကိုလည်း ရဲက ချိတ်ပိတ်ထားတဲ့အတွက် ဆွေမျိုးအိမ် တအိမ်မှာ နေထိုင်နေကြပါတယ်။
အလောင်းတွေကို ရဲက စစ်ဆေးပြီးသွားရင်တော့ မိသားစု ဘုရားကျောင်းရဲ့ အကူအညီနဲ့ သြင်္ဂီုလ်သွားမှာဖြစ်တယ်လို့ ကလေးတွေရဲ့ ဖခင်ဖြစ်သူက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။