နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) က သူဟာ ဘယ်တုန်းကမှ သူတော်စင်တယောက် မဟုတ်ခဲ့ပါဘူးလို့ နောက်ဆုံးထုတ်ဝေမယ့် စာအုပ်ထဲမှာ ပြောထားပါတယ်။
ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့ ထုတ်ဝေမယ့် ကိုယ်တိုင်နဲ့ စကားပြောခြင်းလို့ အဓိပ္ပာယ်ရတဲ့ Conversation with Myself ဆိုတဲ့ စာအုပ်သစ်ဟာ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးအတွက် မစ္စတာ မန်ဒဲလား ၂၇ နှစ်ကြာ အကျဉ်းကျနေစဉ်မှာ ရေးခဲ့တဲ့ စာတွေ၊ မှတ်တမ်းတိုတွေ၊ ပြောခဲ့တဲ့ စကားတွေကို စုစည်းထားတာ ဖြစ်ပါတယ်။
မိသားစုနဲ့ ကွဲကွာနေချိန်မှာ စိတ်ရော ကိုယ်ပါ သူခံစားခဲ့ရတာတွေ၊ အထူးသဖြင့် ၁၉၆၉ ခုနှစ်က ကားတိုက်ပြီး သူ့ရဲ့သား သေဆုံးသွားချိန်၊ သူ့ရဲ့ဇနီး ထောင်ကျနေချိန်တွေမှာ သူ ဘယ်လို ခံစားခဲ့ရတယ် ဆိုတာကို စာအုပ်ထဲမှာ ရေးသားထားပါတယ်။
သူထောင်ကျနေစဉ် ကာလအတွင်း အပြင်ကမ္ဘာက လူတွေဟာ သူ့ကို သူတော်စင် တယောက်လို မှားယွင်း ပုံဖော်ကြတဲ့အပေါ် စိုးရိမ်ကြောင်းလည်း စာအုပ်ထဲမှာ ရေးထားပါတယ်။ သူဟာ သူတော်စင်လို့ အဓိပ္ပာယ် ဖွဲ့နိုင်လောက်သူ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူးလို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ နယ်လ်ဆင် မန်ဒဲလားက စာအုပ်ထဲမှာ ရေးသားထားပါတယ်။