သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်လ်ဆင်မန်ဒဲလား ၉၂ နှစ်မွေးနေ့ ကုလသမဂ္ဂဂုဏ်ပြု


ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့ဟာ တောင်အာဖရိကသမတဟောင်း နယ်လ်ဆင်မန်ဒဲလား ရဲ့ ၉၂ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ Nelson Mandela ကို ဂုဏ်ပြုဖို့အတွက် သောကြာနေ့က အထူးအစည်းဝေးတရပ်ထိုင်ခဲ့ကြတယ်လို့ ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်မြို့ကနေ VOA သတင်းထောက် Larry Freund ကသတင်းပို့ပါတယ်၊ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂအထွေထွေ ညီလာခံကနေ ဇူလိုင်လ ၁၈ ရက်နေ့ကို နယ်လ်ဆင်မန်ဒဲလား နိုင်ငံတကာနေ့ အဖြစ်သတ်မှတ်ဖို့ ကြေငြာခဲ့ပါတယ်။ ဒါဟာ တောင်အာဖရိက သမတဟောင်း နယ်လ်ဆင်မန်ဒဲလားကို ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေး ယဉ်ကျေးမှုတရပ် မျှေ၀ ပေးသူတဦးအဖြစ် အသိမှတ်ပြုတဲ့အနေနဲ့ သတ်မှတ်ပေးခဲ့တာပါ။

ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ပထမနေ့မိန့်ခွန်းမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက နယ်လဆင် မန်ဒဲလားနဲ့ ပထမဆုံး တွေ့ဆုံချိန်မှာ မန်ဒဲလား ရဲ့ သြဇာတိက္ကိမရှိပြီး နှစ်လိုဘွယ်ကောင်းတဲ့ ဥပဓိရုပ်ကို ချက်ချင်းသတိထားမိတဲ့အပြင် နှိမ့်ချရိုကျိုးတဲ့ သူ့ဟန်က တော့ လေးစားဖို့ အကောင်းဆုံးပဲလို့ ပြောကြားခဲ့ပါတယ်။

“နယ်လ်ဆင်မန်ဒဲလားရဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်မှုတွေဟာ သူ့အတွက်ရော သူ့မိသားစုအတွက်ပါ အင်မတန်ကြီးးကျယ်တဲ့ တန်ဖိုးတွေ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အနစ်နာခံမှုတွေဟာလည်း သူ့နိုင်ငံဖြစ်တဲ့ တောင်အာဖရိက နိုင်ငံအတွက်သာမကပဲ ကမ္ဘာကြီးကို နေချင်စရာ ကောင်းတဲ့ ပိုသာယာတဲ့ ကမ္ဘာကြီးဖြစ်လာအောင် လူသားအားလုံးအတွက် လုပ်ပေးခဲ့တာပါ။ အခု ပထမဆုံး အကြိမ်ကျရောက်တဲ့ “နယ်လ်ဆင်မန်ဒဲလား နိုင်ငံတကာနေ့ ’’ မှာလည်း လွတ်လပ်ရေးအတွက်၊ တရားမျှတရေးအတွက် ဒီမိုကရေစီအတွက် သူ့ကျိုးစားခဲ့သမျှ တွေကို ကျွန်တော်တို့က ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူကတော့လမ်းပြခဲ့ပါပြီ။ ကမ္ဘာကြီးကိုလည်းပြောင်းလဲအောင်လုပ်ခဲ့ပါပြီ။ ဒီ့အတွက် ကျွန်တော်တို့ကသိပ်ကိုကျေးဇူးတင်ပါတယ်။”

နယ်လ်ဆင်မန်ဒဲလားရဲ့မွေးနေ့ ရောက်ရင် တောင်အာဖရိကနိုင်ငံသားတွေကတော့ လူမူအသိုင်းဝိုင်းကြား လုပ်အားပေးပွဲတွေ နဲ့ အချိန် ကုန်ကြတယ်လို့ တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးဝန်ကြီးး မိုင်တေ အန် ကိုအာနာ မက်ရှ် အဘာနေ (Maite Nkoana- Mash abane) ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောပါတယ်။

“ဒီလို လူသားချင်းစာနာတဲ့ လုပ်ငန်းတွေ လုပ်ဆောင်တာဟာ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့လုပ်ရပ်တခုပါ။ နယ်လ်ဆင်မန်ဒဲလားနေ့ အဖြစ် သီးခြားသတ်မှတ်ပြီးး အခုလို ကျင်းပတာဟာ ကျွန်မတို့ ကုလသမဂ္ဂရဲ့ စံတန်ဖိုးတွေ အတိုင်း လုပ်ဆောင်ချက်ကို ခိုင်မာစေတဲ့ အပြင် ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ ရည်ရွယ်ချက်ကို လည်းထပ်လောင်း ဆောင်ရွက်တာမျိုးပါ။”

သတင်းစာရှင်းလင်းပွဲမှာတော့ တောင်အာဖရိက နိုင်ငံကို သက္ကရာဇ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ခုနှစ် အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးး ကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး Brook Anderson ကတော့ တောင်အာဖရိကနိုင်ငံဟာ တချိန်က ကမ္ဘာပေါ်မှာ အသားအရောင်အခွဲခြားအဆက်ဆန်ဆုံး စံနမူနာအဖြစ်ရပ်တည်ခဲ့တဲ့ နိုင်ငံတနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး အခုအခါမှာတော့ စံတင်လောက်အောင်သွေးစည်းညီညွတ်တဲ့ နိုင်ငံတနိုင် ဖြစ်နေတာတွေ့ရတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်

“တခါတလေမှာတော့ ကျွန်မတို့ရဲ့ တကယ့်ခေါင်းဆောင်တွေ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်ရှိထင်ရှားနဲ့ ကိုယ်တိုင် သက်သေအဖြစ် ရှိနေပါရက်နဲ့ အမှန်အတိုင်းမြင်ဖို့အတွက်က အချိန်သိပ်ကြာနေတတ်ပါတယ်။ Nelson Mandela ဟာ တကယ့် ခေါင်း ဆောင်ကြီးးတဦးပါ။ သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အချိန်လိုမျိုး အခုချိန်မှာ ကျမတို့ ဖြတ်သန်း နေရပါတယ်။ အခု သူ့ကိုဂုဏ်ပြုတဲ့ နေ့မျိုးမှာ သူ့ရဲ့ အားကိုးလောက်စရာ ထည်ထည်ဝါဝါရပ်တည်မှု၊ နှစ်သိမ့်မှုနဲ့ ပျော်ရွှင် မှုတွေ ဟာ နိုင်ငံသားတိုင်းအတွက်သတိရစေမယ်လို့ ကျမထင်ပါတယ်။ ၁၉၉၄ခုနှစ် မေလ ၂ရက်နေ့ တောင်အာဖရိက နိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲမှာ သမတအဖြစ်သူအရွေးခံခဲ့ချိန် တုန်းက ဒါဟာတောင်အာဖရိကနိုင်ငံမှာ သေးငယ်တဲ့ ကံကြမ္မာအလှည့်အပြောင်းအဖြစ်နဲ့ ဒီမိုကရေစီစတင်မွေးဖွားလာတာလို့ Mr. Mandela က ပြောပါတယ်။ မှန်ပါတယ်၊ ဒါဟာ ထူးဆန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းဖြစ်ခဲ့ပေမဲ့ သေးသေးငယ်ငယ်လေးတော့မဟုတ်ပါဘူး။ ဒီလို လုပ်ဆောင်ခဲ့ သူကို ကျမက အမေရိကန်နိုင်ငံကိုယ်စား ရိုးရိုးလေးပဲပြောပါရစေ Mandiba လူကြီးမင်းကို ကျမတို့ အားလုံးက ကျေးဇူးတင် နေပါတယ်။”

ဒီတနင်္ဂနွေနေ့ ဇူလိုင်လ ၁၈ ရက်ဟာ နယ်လ်ဆင်မန်ဒဲလား ရဲ့ ၉၂ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။

XS
SM
MD
LG