သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ


အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင်ဟောင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတဝှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက်ခဲ့သူ တဦးအဖြစ်နဲ့လည်း မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်အာဖရိက
ခေါင်းဆောင်ဟောင်းအပေါ် အောက်မေ့ သတိရနေကြတာပါ။ Nelson Mandela အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတဲ့ အခြေအနေတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ကို နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ပြုဖို့ ချမ်းအေးလွန်းလှတဲ့ ရာသီဥတုအောက်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပခဲ့တဲ့ Johannesburg မြို့က အားကစားရုံတဝိုက်မှာ မနက်လင်းအားကြီး အချိန်လောက်ကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြသလို၊ အခမ်းအနားမှာတော့ အောက်မေ့ဖွယ် တေးသီချင်းတွေသီဆို၊ ဂုဏ်ပြုစကားတွေနဲ့ ကျင်းပနေကြတာပါ။

Johannesburg မြို့က အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်ပေါင်း ၈၀ ကျော်ထဲက အမေရိကန်သမ္မတ Barack Obama ကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်းရဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ချီးကျူးစကား ပြောဆိုသွားပါတယ်။

“ပြန်လည်သင့်မြတ်ရေးဆိုတာဟာ ကြမ်းကြုတ်လှတဲ့ အတိတ်ကို လျစ်လျူရှုဖို့ မဟုတ်ဘဲ အားလုံးပါဝင်နိုင်ဖို့၊ ရက်ရောဖို့နဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ဖြစ်တယ်ဆိုတာ ကျနော်တို့ကို ပြသသင်ကြားပေးခဲ့တဲ့သူပါ။ ဥပဒေတွေကို ပြင်ဆင်ရုံတင်မကဘဲ သူဟာ နှလုံးသားတွေကိုပါ ပြောင်းလဲအောင် လုပ်ခဲ့သူပါ။ သူကွယ်လွန်ခဲ့တာဟာ တောင်အာဖရိက နိုင်ငံသားတွေသာမက ကမ္ဘာတဝှမ်းက သူ့ကို လေးစားအားကျခဲ့သူတွေအတွက်ပါ ဝမ်းနည်းရမယ့် အခါသမယ ဖြစ်သလို၊ သူရဲကောင်းဆန်တဲ့ သူ့ဘဝအတွက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက သမ္မတ အိုဘားမား သာမက၊ သမ္မတဟောင်း George W. Bush၊ သမ္မတဟောင်း Bill Clinton နဲ့ Jimmer Carter လည်း အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာခဲ့ကြသလို၊ ဗြိတိန်ဝန်ကြီးချုပ် David Cameron၊ ပြင်သစ်သမ္မတ Francois Hollande၊ ဘရားဇီးသမ္မတ Dilma Roussef၊ ကျူးဘားသမ္မတ Raul Castro တို့လို နိုင်ငံရေး အယူအဆ မတူကွဲပြားသူပေါင်းစုံ တက်ရောက်ပြီး အမှတ်တရမိန့်ခွန်းတွေ ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်း ကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“တောင်အာဖရိကအနေနဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့သလို၊ ဖခင်တစ်ယောက် ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက် ဆရာကောင်းတစ်ယောက် ဆုံးရှုံးရတာပါ။ Nelson Mandela ဟာ ကျနော်တို့ခေတ်အတွက် အကြီးမားဆုံးခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက အကြီးမားဆုံး ဆရာတဆူလည်း ဖြစ်ပါတယ်။”

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်လှုပ်ရှားရင်း ထောင်ဒဏ် ၂၇ နှစ် အကျဉ်းကျခံခဲ့ရသလို၊ နောက်ပိုင်း ထောင်ကလွတ်မြောက်လာချိန်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတတဦးလည်း ဖြစ်လာခဲ့တာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ခဲ့သူတဦးအဖြစ်နဲ့လည်း တောင်အာဖရိကရောက် ဒေါက်တာသိန်းဝင်းတို့လို မြန်မာ့အရေး လှုပ်ရှားသူတွေက အမှတ်ရနေကြတာပါ။

“တောင်အာဖရိကမှာလို မန်ဒဲလား နဲ့ ဒီကလပ် တို့ လုပ်ခဲ့သလို ဖြစ်လာဖို့အတွက် အဲ့ဒီအချိန်မှာ သမ္မတ မန်ဒဲလားက Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောသွားတယ်ပေါ့ မြန်မာပြည်နဲ့ပတ်သက်လို့။ အခုအချိန်မှာတော့ လက်ရှိ မြန်မာအစိုးရဟာ Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်ဖို့ အချိန်တန်ပြီဆိုတာကို စိတ်ထဲမှာ ခံစားမိတယ်ပေါ့နော်။”

ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်းရဲ့ ဈာပနအခမ်းအနားကိုတော့ သူငယ်စဉ်ဘဝက နေထိုင်ခဲ့ရာ Qunu ကျေးရွာမှာ ၁၅ ရက်နေ့ကျရင် မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG