သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါငလျင် ကယ်ဆယ်ရေး တပတ်ကြာအခြေအနေ


ခတ္တမန်ဒူမြို့က ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ Kaalmochan ဘုရားကျောင်း အပျက်အစီးပုံကို ရှင်းလင်းနေတဲ့ နီပေါစစ်သားများ။ (မေ ၂၊ ၂၀၁၅)
ခတ္တမန်ဒူမြို့က ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ Kaalmochan ဘုရားကျောင်း အပျက်အစီးပုံကို ရှင်းလင်းနေတဲ့ နီပေါစစ်သားများ။ (မေ ၂၊ ၂၀၁၅)

နီပေါနိုင်ငံ ခတ္တမန်ဒူမြို့တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာ တပတ်ကြာမြင့်သွားပြီဖြစ်ပေမယ့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ထိထိရောက်ရောက် မလုပ်နိုင်သေးပါဘူး။ နီပေါနိုင်ငံမှာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေရဲ့ ဗွီဒီယိုသတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇင်လတ်။ ။ NGO တော်တော်များများက ကယ်ဆယ်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်လို့ မရဘူးဖြစ်နေတာပေါ့။ ငလျင်လှုပ်ပြီးတဲ့အခါမှာ ကယ်ဆယ်ရေးက ထောက်ပံ့ငွေတွေ ပေးတဲ့အခါမှာ သူတို့ အစိုးရသတ်မှတ်ပေးထားတဲ့ account – Priminister Relief File ဆိုတဲ့ထဲကိုပဲထည့်ရမယ်။ ဧပြီ ၂၅ ရက်နေ့နောက်ပိုင်း ဖွင့်တဲ့ NGO တွေရဲ့ကယ်ဆယ်ရေးငွေလက်ခံမယ့် အကောင့်တွေအားလုံးက တရားမဝင်ဘူးပေါ့။ အဲလိုမျိုး လုပ်ထားတာရှိတယ်။ နောက်တခုကကျတော့ နိုင်ငံတကာကပို့လိုက်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးတို့- အဲလို စစ်ဆေးတဲ့ဌာနတွေက သုံး-လေးခုကနေပြီး ထောက်ခံချက်တွေ ယူရတယ်။ အဲလိုမျိုး အထပ်ထပ်စစ်နေတော့ အချိန်ကြန့်ကြာတာတွေ ရှိတာပေါ့။ ပြီးတော့ကျတော့ နဂိုရ်ကတည်းကရှိနေတဲ့ local NGO တွေကလည်း ကယ်ဆယ်ရေးပစ္စည်းတွေကို နယ်တွေကို သူတို့ဖာသာသူတို့ ပို့ခွင့်မရှိဘူးပေါ့။ အစိုးရဆီက ထောက်ခံချက်ယူရတယ်။ အဲလိုမှ မယူရင် လမ်းမှာ ကယ်ဆယ်ရေးယာဉ်တန်းတွေကို ပိတ်တာတို့၊ စစ်ဆေးတာတို့- အဲလိုမျိုးအခက်အခဲတွေကို အများကြီး ကြုံနေရတယ်လို့ ပြောပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နီပေါအစိုးရဘက်ကရော ဘာများ ပြောသေးလဲခင်ဗျ။

ကိုဇင်လတ်။ ။ လောလောဆယ်တော့ သူတို့ဘက်က ဒီလိုမျိုး ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့တဲ့အခါမှာ မဟုတ်တဲ့လုပ်ငန်းတွေလည်း ဖြစ်လာနိုင်တယ်ပေါ့။ ဒါကို အခွင့်ကောင်းယူတဲ့ကိစ္စရပ်တွေ၊ တရားမဝင်တဲ့အလုပ်တွေ ဖြစ်လာမှာစိုးလို့ အစိုးရကတော့ သူတို့ကတော့ ထိန်းတယ်လို့ ပြောတာပေါ့။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့၊ နီပေါနိုင်ငံမှာလည်း မော်သူပုန်ထမှုတွေကလည်း ရှိနေခဲ့တယ်ဆိုတော့- အခု စစ်တပ်က ဝင်ပြီးဆောင်ရွက်နေတယ်ဆိုတော့ အဲဒီ နိုင်ငံရေးကိစ္စတွေရော ပါဝင်ပတ်သက်မှု ရှိနိုင်လား။

ကိုဇင်လတ်။ ။ အဲလိုလည်း ဖြစ်နိုင်တယ်။ နိုင်ငံရေးကိစ္စတွေက- လောလောဆယ်တော့ NGO တွေက အကူအညီ တကယ်လိုအပ်နေတဲ့သူတွေကို ဦးစားပေးတာပဲပေါ့နော်၊ လောလောဆယ်တော့၊ နိုင်ငံရဲ့လုံခြုံရေးအတွက် တချို့နေရာတွေမှာ လျှော့လျှော့ပေါ့ပေါ့လုပ်ပေးပြီးတော့ မြန်မြန်ဆန်ဆန် လုပ်သင့်တယ်ပေါ့နော်၊ ဒီနေ့ဆိုရင် ကျနော်တို့ မိုင်တီ-နီပေါ.. NGO တခုကို ကျနော်တို့ အင်တာဗျူးတယ်။ သူတို့ကျကတော့ သူတို့ အကူအညီပစ္စည်းတွေ ယူလာတယ်။ ဒါပေမယ့် အဲလို အဆင့်ဆင့်ပေါ့- အစိုးရဌာနတွေ အကောက်ခွန်တို့၊ ဘာတို့ အဆင့်ဆင့်ကနေပြီး ထောက်ခံစာတွေ အကုန်လုံး ယူရတယ်။ အဲဒီ ထောက်ခံစာသုံး-လေးခု ယူရတာနဲ့တင် အချိန်က တရက်၊ နှစ်ရက်လောက်ကြာသွားတော့ လုပ်ငန်းလုံးဝ မတွင်ကျယ်ဘူးပေါ့။

ကိုသားညွန့်ဦး။ ။ နိုင်ငံတကာက အကူအညီပေးတဲ့လူတွေ အခက်အခဲဖြစ်နေတယ်ဆိုတော့ ပြည်တွင်းမှာ အကူအညီပေးနေကြတဲ့လူတွေကကော အခြေအနေ ဘယ်လို ရှိလဲခင်ဗျ။

ကိုဇင်လတ်။ ။ ပြည်တွင်းမှာအခု လောလောဆယ်တော့ ဒီနေ့ တပတ်ပြည့်တဲ့နေ့မှာ ကျနော်တို့ လမ်းပေါ်မှာ စတွေ့ရတာက လူငယ်အဖွဲ့လေးတွေပေါ့။ သူတို့က စပြီးတော့ အလှူခံတာမျိုးတွေ- သူတို့ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးပစ္စည်းတွေလှူကြတယ်၊ သွားပို့ဖို့ လုပ်ကြတယ်ပေါ့။ အဲဒီလူတွေကိုပါ အစိုးရက အဲလိုမျိုး စစ်တာဆေးတာတော့ လမ်းမှာရှိတယ်ပြောတယ်။ လွတ်လွတ်လပ်လပ်တော့ လုပ်ခွင့်မပေးဘူးပေါ့နော်။

ကိုသားညွန့်ဦး။ ။ ကိုဇင်လတ်တို့ အခု ခတ္တမန်ဒူအပြင်မှာရှိတဲ့ တခြား ငလျင်ဒဏ်ခံခဲ့ရတဲ့ဒေသတွေကိုလည်းသွားပြီးတော့ အဲဒီတော့ ဒီတပတ်အတွင်းမှာ ထူးထူးခြားခြား ကြုံခဲ့ရတဲ့ အခြေအနေတွေ၊ မြင်ကွင်းတွေပေါ့-အပျက်အစီးအခြေအနေ၊ သေဆုံးမှုအခြေအနေ မြင်ရသလောက်ပေါ့- ပြောပြပေးပါအုံးခင်ဗျ။

ကိုဇင်လတ်။ ။ ကျနော်တို့ မနေ့ကတော့ ခတ္တမန်ဒူကနေပြီးတော့ ကားလေးနာရီလောက်မောင်းပြီးသွားတဲ့ တံငါကျေးရွာတခုကို ရောက်တယ်ပေါ့။ အဲဒီ တံငါကျေးရွာမှာအိမ်ခြေ အလုံး ၅၀ လောက်ရှိတယ်။ အဲဒီ အလုံး ၅၀ လုံးက လုံးဝ ပြိုကျသွားတယ်။ အဲဒီရွာတရွာတည်းမှာပဲ လူ ငါးယောက်လောက် သေတယ်။ ဒဏ်ရာရတဲ့လူလည်း ဆယ်ယောက်လောက်ရှိတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့လူတွေက ဆေးရုံရောက်ဖို့အတွက်ကိုပဲ သွားလို့မရဘူးပေါ့။ လာခေါ်မယ့် အရေးပေါ်ကားတွေ - လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းဘူးပေါ့။ အဲဒီတော့ ကျနော်တို့တွေ့တာက လူနာတွေက အခုထက်ထိ ရွာမှာပဲ အဲဒီအတိုင်းပဲ ရှိနေတုန်းပဲ။ ဆေးရုံဆေးခန်းတွေကို သူတို့ မသွားနိုင်ဘူးပေါ့။ ကျနော်တို့သွားတဲ့လမ်းတလျှောက်မှာလည်း လမ်းတွေက မြေပြို ထားတာတွေ၊ ပျက်နေတာတွေ အများကြီး ရှိတယ်ပေါ့။ အဓိက-ကတော့ ရွာသားတွေက ဆင်းရဲကြတော့ ပိုက်ဆံပေးနိုင်မှ ကယ်ဆယ်ရေးကားတွေ ဘာတွေက လာခေါ်မယ့်ပုံစံမျိုးဖြစ်နေတော့ ပိုက်ဆံမရှိတဲ့၊ ဆင်းရဲတဲ့ရွာသူရွာသားတွေက လက်ကျိုးတာတို့၊ ဘာတို့ဆို ဒီအတိုင်းပဲ အခုထက်ထိ ရှိနေတုန်းပဲ။ ကယ်ဆယ်ရေး - ဆေးရုံတွေ ဘာတွေကို အခုထက်ထိမရောက်သေးဘူး။ အဲဒီအခြေအနေတော့ ရှိတယ်။

ငလျင်ကယ်ဆယ်ရေးအခြေအနေတွေကို သတင်းရယူဖို့ နီပေါနိုင်ငံကိုရောက်နေတဲ့ ဗွီအိုအေရဲ့ ဗွီဒီယိုသတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းတင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG