သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆက်တွဲ ငလျင်တွေကြာင့် နီပေါလ် မှာ ထိတ်လန့်နေ


နီပေါလ်နိုင်ငံမှာ လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပြင်းအားကြီး ငလျင်လှုပ်သွားပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်မှာ စိုးတဲ့အတွက် မြို့တော် ခတ္တမန္ဓူမှာရှိတဲ့ ဒေသခံတွေဟာ တနင်္ဂနွေနေ့ညက အပြင်လမ်းမတွေမှာ ထွက်နေခဲ့ကြပါတယ်။

ခတ္တမန္ဓူမြို့နဲ့ မိုင် ၅၀ လောက် ဝေးတဲ့နေရာကို ဗဟိုပြုပြီး ပြင်းအား ၇.၈ ရှိတဲ့ ငလျင်တခု လှုပ်သွားခဲ့တာကြောင့် မြို့တော်မှာရှိတဲ့ သမိုင်းဝင် အဆောက်အဦး အများအပြား ပြိုကျ ပျက်ဆီးသွားခဲ့ပါတယ်။ ခတ္တမန္ဓူမြို့နဲ့ အနီးဝန်းကျင်မှာ ပြင်းအား ၆.၇ ရှိတဲ့ နောက်ဆက်တွဲ ငလျင် အပါအဝင် ငလျင်ငယ်လေးပေါင်း ၁၈ ခု ထပ်လှုပ်ခဲ့ပါတယ်။

တိုင်းပြည်အတွင်းမှာရှိတဲ့ ခရိုင်ပေါင်း ၇၅ ခုထဲက အနဲဆုံး ၃၅ ခုလောက်မှာ ငလျင်ဒဏ် ခံခဲ့ရတယ်လို့ နီပေါလ် အစိုးရပြောတာကို ကိုးကားပြီး ကုလသမဂ္ဂက ပြောပါတယ်။ နီပေါလ်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၃၀ နီးပါး ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက ရှာဖွေ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးအဖွဲ့တွေ နီပေါလ်နိုင်ငံကို စေလွတ်ထားပြီး ဖြစ်ပါတယ်။ လူပေါင်း ထောင်ပေါင်းများစွာ ထိခိုက် ဒဏ်ရာ ရခဲ့ကြပြီး အများအပြားလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

နီပေါလ်နိုင်ငံသားတွေနဲ့ နိုင်ငံတကာက ရောက်နေကြသူ အများအပြား ပျောက်ဆုံးနေကြောင်း ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က တည်ထောင်ထားတဲ့ လူပျောက်စာရင်းပေးနိုင်တဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ သူတို့ မိသားစုဝင်တွေက လူပျောက်ကြေငြာ လာပို့ထားကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG