သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါမှာ ပထမဆုံး အမျိုးသမီးသမ္မတ တင်မြှောက်


နီပေါနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် Bidhya Bhandari ကို လွှတ်တော်က ရွေးကောက် တင်မြှောက်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း တဦးဖြစ်သူ Bhandari ကို ဗုဒ္ဓဟူးနေ့ လွှတ်တော် မဲခွဲဆုံးဖြတ်ပွဲမှာ ထောက်ခံမဲ ၃၂၇ မဲနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ် Bhandari ဟာ အာဏာရ နီပေါကွန်မြူနစ်ပါတီဖြစ်တဲ့ ညီညွတ်သော မာ့က်စ်ဝါဒီနှင့် လီနင်ပါတီရဲ့ ဒုတိယခေါင်းဆောင်လုပ်ခဲ့သူပါ။ ပါတီရဲ့ခေါင်းဆောင်ကတော့ ဝန်ကြီးချုပ် Khadga Prasad Oli ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူ ကွန်မြူနစ်ခေါင်းဆောင်ဟောင်း Madan Bhandari ၁၉၉၃ ခုနှစ်မှာ သေဆုံးသွားပြီးတဲ့နောက် သူဟာ နိုင်ငံရေးမှာ ထင်ရှားသူတဦး ဖြစ်လာတာပါ။ သူဟာ အမျိုးသမီး အခွင့်အရေးအတွက် အဲဒီအချိန်ကစပြီး တက်တက်ကြွကြွ လှုံ့ဆော်စည်းရုံး လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

နီပေါနိုင်ငံကို ကာလရှည်ကြာ အုပ်စိုးလာတဲ့ ဟိန္ဒူဘုရင်အုပ်ချုပ်မှုကို ၂၀၀၈ ခုနှစ်မှာ ပယ်ဖျက်ခဲ့ပြီးတဲ့နောက် ပထမဆုံး အခြေခံဥပဒေအသစ် နီပေါနိုင်ငံမှာ ပြဌာန်းပြီး သိပ်မကြာခင်မှာပဲ Bhandari ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြတာပါ။ သမ္မတနိုင်ငံတခုအဖြစ် နီပေါနိုင်ငံ အသွင်ပြောင်းခဲ့ပြီး ကတည်းကဆိုရင် သူဟာ ဒုတိယမြောက် သမ္မတဖြစ်လာသူပါ။ ပထမဆုံး သမ္မတကတော့ ၂၀၀၈ ခုနှစ်က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ Ram Baran Yadav ဖြစ်ပါတယ်။

နီပေါနိုင်ငံမှာ ဒီလအစောပိုင်းက ကျင်းပတဲ့ သမိုင်းဝင် ရွေးကောက်ပွဲကနေ ဝန်ကြီးချုပ်အဖြစ် Khadga Prasad Sharma Oli အရွေးကောက်ခံခဲ့ရတာနဲ့ နိပေါနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးသမ္မတ အဖြစ် Bidhya Devi Bhandari ကို ရွေးချယ်တင်မြှောက် နိုင်ခဲ့တာတွေအတွက် အမေရိကန် ပြည်ထောင်စုက ဝမ်းမြောက်ဂုဏ်ပြုကြောင်း သမ္မတ အိမ်ဖြူက ဗုဒ္ဓဟူးနေ့မှာ ကျေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG