နီပေါနိုင်ငံအနောက်ခြမ်းမှာ ၃ ရက်ဆက်တိုက် မိုးတွေရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ခဲ့လို့ လူ ၅၄ ဦးမက သေဆုံးပြီး ၁၄၂ ဦးပျောက်ဆုံးနေပါတယ်။
ခရိုင်ပေါင်း ၁၀ ခရိုင်မှာ ရေလွှမ်းနေပြီး အလောင်း ၅၄ လောင်းဆယ်ယူရရှိထားပြီလို့ ရဲအရာရှိတဦးကပြောပါတယ်။ သေဆုံးသူတွေ ဒီထက်မက ပိုများမယ်လို့ ခန့်မှန်းထားကြပါတယ်။ Kathmandu မြို့တော် အနောက်ဖက် မိုင်၂၅၀ လောက်ကွာဝေးတဲ့ အဲဒီဒေသမှာ ကြာသပတေးနေ့ထဲက စပြီး မိုးတွေရွာနေခဲ့တာပါ။
အဝေးပြေးလမ်းမကြီးတွေနဲ့ မြို့ရွာလမ်းတွေကို ရေဖုံးရင်ဖုံး ဒါမှမဟုတ် မြေပြိုကျထားလို့ လမ်းပိတ်နေပါတယ်။ လျှပ်စစ်မီးကြိုးတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေးတိုင်တွေ ကျိုးပြတ်ကျပြီး လူထောင်ပေါင်းများစွာလည်း ရေပတ်လည်ဝိုင်း၊ ပိတ်မိနေပါတယ်။ နီပေါနိုင်ငံမှာက မိုးရာသီက ဇွန်လမှာ စတင်ပြီး စက်တင်ဘာလမှာ ကုန်ဆုံးတာ ဖြစ်ပါတယ်။