နီပေါနိုင်ငံ ကွန်မြူနစ်ပါတီခေါင်းဆောင် Khadga Prasad Oli ကို နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
အမတ်စုစုပေါင်း ၅၉၇ နေရာရှိတဲ့အနက် ၃၃၈ ယောက်က Oli ကို ထောက်ခံမှုပေးခဲ့ကြောင်း၊ အရင် ဝန်ကြီးချုပ် Sushil Koirala ကို ထောက်ခံသူ ၂၄၉ ယောက်သာရှိကြောင်း လွှတ်တော်သဘာပတိ Subah Nemwang က ကြေညာခဲ့ပါတယ်။
Communist Party of Nepal ရဲ့ခေါင်းဆောင် အသက် ၆၃ နှစ်အရွယ် Oli ဟာ ပါတီငယ်လေးတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ အဲဒီလိုသူ့အပေါ် ထောက်ခံမှုပေးခဲ့တဲ့အထဲမှာ ပြိုင်ဘက် United Communist Party of Nepal Maoist လည်း ပါဝင်ပါတယ်။
နိုင်ငံရဲ့ အခြေခံဥပဒေသစ်အပေါ် မကျေနပ်မှုကြောင့် ဆန္ဒပြမှုတွေ လုပ်နေတာကို ပြေလည်အောင် ဝန်ကြီးချုပ်သစ်က ညှိနှိုင်းပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လောင်စာဆီတင်သွင်းမှု အပိတ်ဆို့ခံနေရတဲ့အတွက် နီပေါမှာ ဝေပုံကျ ခွဲဝေသုံးစွဲနေရတာတွေ အဆုံးသတ်စေဖို့လည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
နီပေါနိုင်ငံ တောင်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို မကြိုက်တဲ့အတွက် ဆန္ဒပြမှုတွေကနေ အဝေးပြေးလမ်းမကြီးတွေ ပိတ်ဆို့မှုုဖြစ်ခဲ့ပြီး နယ်စပ်ဂိတ် တွေကိုပါ ပိတ်ပစ်ခဲ့ရတာပါ။
စက်တင်ဘာလ ၂ဝ ရက်နေ့က အခြေခံဥပဒေကို အတည်ပြုလိုက်ပြီးတဲ့နောက် ဒီအခြေခံ ဥပဒေအပေါ် မကျေနပ်ကြတဲ့ Madhesis နဲ့ တခြားလူနည်းစု လူမျိုးစုနွယ်ဝင်တွေက နိုင်ငံတောင်ပိုင်းက နယ်စပ်တွေကိုပိတ်ပစ်ခဲ့ပြီး လောင်စာဆီနဲ့ ကုန်ပစ္စည်းတင်ပို့ မှုတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
အဲဒီလို နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေခံဥပဒေဆန့်ကျင်ရေး အဓိကရုဏ်းတွေအတွင်း လူပေါင်း ၄၅ ယောက် သေဆုံးခဲ့ပါတယ်။