သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါငလျင် ၉၀၀ ကျော် သေဆုံး


နီပေါငလျင်ဘေးကြောင့် ပျက်စီးနေတဲ့မြင်ကွင်း။ (ဧပြီ ၂၅၊ ၂၀၁၅)
နီပေါငလျင်ဘေးကြောင့် ပျက်စီးနေတဲ့မြင်ကွင်း။ (ဧပြီ ၂၅၊ ၂၀၁၅)

နီပေါနိုင်ငံမှာ အင်အားပြင်းမြေငလျင်တခုနဲ့ နောက်ဆက်တွဲ ငလျင်ငယ်ပေါင်းများစွာ လှုပ်ခတ်ခဲ့တဲ့အတွက် Kathmandu မြို့တော်အပြင် ဟိမဝန္တာ တောင်တန်းပေါ်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ စုစုပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီကနေ့ စနေနေ့ အစောပိုင်းက Kathmandu မြို့တော် အနောက်ဘက် မိုင် ၅၀ လောက်အကွာကို ဗဟိုပြုပြီး ၇.၈ ပြင်းအားနဲ့ မြေငလျင်လှုပ်ခတ်သွားခဲ့ပြီး တနာရီလောက်အကြာမှာပဲ ၆.၆ ပြင်းအားရှိတဲ့ နောက်ထပ် ငလျင်အပါအဝင် နောက်ဆက်တွဲ ငလျင်တွေ ဆက်လက် လှုပ်ခဲ့ပါတယ်။

နီပေါနိုင်ငံထဲမှာ သေဆုံးသူ ၈၇၆ ယောက်ရှိနေပြီလို့ ဒီနေ့ နောင်းပိုင်းရောက်ချိန်မှာ နီပေါလ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ သေဆုံးသူ အမြောက်အများဟာ Kathmandu မြို့ပတ်ဝန်းကျင်မှာရှိတဲ့ တောင်ကြားဒေသက ဖြစ်ကြပါတယ်။ ငလျင်တွေဒဏ်ကြောင့် Kathmandu မြို့တော်ထဲက အဆောက်အဦး အမြောက်အများ ပြိုကျ ပျက်စီးခဲ့ကာ ထိတ်လန့်နေကြတဲ့ ပြည်သူတွေဟာ အဆောက်အဦးတွေထဲမှာ မနေကြတော့ဘဲ လမ်းတွေပေါ် ထွက်နေနေကြပါတယ်။

အပြိုအပျက်တွေကြားမှာ အသက်ရှင်ရှိနေနိုင်မယ့်သူတွေကို ကယ်ဆယ်ရေးတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ မြို့တော်ထဲက သမိုင်းဝင် အဆောက်အဦး တော်တော်များများလည်း ပျက်စီးသွားခဲ့ပြီး အဲဒီထဲမှာ ၁၉ ရာစုထဲက ဆောက်ထားတဲ့ သမိုင်းဝင် Dharahara မျှော်စင်လည်း ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။ အပျက်အစီး အတိုင်းအတာ ဘယ်လောက်များသလဲဆိုတာကို အတိအကျ မပြောနိုင်သေးသလို သေဆုံးသူ အရေအတွက် ဒီထက် ပိုများလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Kathmandu မြို့က နိုင်ငံတကာလေဆိပ်ကိုလည်း လောလောဆယ် ပိတ်ထားပါတယ်။ အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်နီးချင်း India နိုင်ငံမှာလည်း သေဆုံးသူ ၂၀ ထက်မနည်း ရှိခဲ့တဲ့အပြင် Bangladesh၊ ဘူတန်နဲ့ တိဘက်ဒေသတွေမှာလည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဟိမဝန္တာတောက်တန်း ပေါ်မှာလည်း ငလျင်ဒဏ်ကြောင့် ရေခဲတောင်တခု ပြိုကျခဲ့လို့ ခြေလျင်တောင်တက်သူ လောလောဆယ် သိရတဲ့အထိ သေဆုံးသူ ၁၈ ယောက် ရှိသွားပါပြီ။ ဟိမဝန္တာတောင်ခြေစခန်းရဲ့ တချို့နေရာတွေအပေါ် နှင်းတွေ၊ ရေခဲတွေ၊ ဖုံးလွှမ်းပျက်ဆီးသွားခဲ့တာကြောင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

နီပေါလ်က ငလျင်ဒဏ် ကယ်ဆယ်ရေးအတွက် India နိုင်ငံက စစ်သားတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ စေလွှတ်ခဲ့ပါတယ်။ အခုမြေငလျင်ဟာ နှစ်ပေါင်း ၈၀ အတွင်း နီပေါလ် မှာ အဆိုးဆုံးကြုံရတဲ့ ငလျင်တခုဖြစ်ပါတယ်။

XS
SM
MD
LG