သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါ အခြေခံဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲ စတင်


လူဦးရေ ၂၇ သန်းကျော်ရှိတဲ့ နီပေါနိုင်ငံ ပြည်သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ လွှတ်တော်ညီလာခံအတွက် ကိုယ်စားလှယ် ၆၀၁ နေရာကို ရွေးကောက်တင်မြှောက်ဖို့ အင်္ဂါနေ့က စတင် မဲပေးနေကြပါတယ်။

နှစ်ပေါင်းကြာလာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့ ဒီလွှတ်တော်အမတ်သစ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ တာဝန်ရှိပါတယ်။

နီပေါနိုင်ငံရဲ့ပြည်တွင်းစစ် အဆုံးသတ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ပြည်သူတွေ မဲပေးကြတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့လည်း သက်တမ်းမကြာတဲ့ အစိုးရအဖွဲ့တွေသာ ပေါ်ပေါက် ခဲ့ပြီးတော့ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့နိုင်ငံမှာ တည်ငြိမ်မှုတွေ မရခဲ့ပါဘူး။

အင်္ဂါနေ့က မဲပေးပွဲမှာတော့ အကြမ်းဖက်မှုတခု ဖြစ်ခဲ့ပါတယ်။ မြို့တော် Katmandu မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ကလေး ၁ ယောက်အပါအဝင် လူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မဲရုံမှာ အဲဒီပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ တာဝန်ရှိတဲ့ ရဲတွေကပြောပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မဲရုံတွေနား ကားတွေ မောင်းဝင်မလာနိုင်အောင် ရဲတွေက ပိတ်ထားပါတယ်။ နီပေါပြည်သူတွေဟာ နိုင်ငံရေးပါတီ ၁၀၀ ကျော်က ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ကြမှာပါ။

ပြည်သူတွေ မဲရုံတွေမှာ မဲပေးနိုင်ဖို့ ၄ ရက်ကြာ အစိုးရရုံးပိတ်ရက်အဖြစ် နီပေါအစိုးရက ကြေညာထားပါတယ်။ နယ်စွန်နယ်ဖျားမှာရှိတဲ့ ရွာတွေက မဲတွေရောက်လာတာနဲ့ စတင်ရေတွက်မှာဖြစ်ပြီး နောက်တပတ်မှာ မဲအနိုင်အရှုံး ရလဒ်တွေ ထွက်လာမယ်လို့ အများက မျှော်လင့်ထားပါတယ်။
XS
SM
MD
LG