သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် အာရှလမ်းသစ်ဖွင့်ပွဲပျက်


DKBA တပ်ဖွဲ့ဝင်များ။
DKBA တပ်ဖွဲ့ဝင်များ။

မြန်မာအစိုးရတပ်တွေနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်မယ့်အစီအစဉ်လည်း ပျက်သွားပါတယ်။ ကရင်ပြည်နယ်တွင်းက မတည်မငြိမ်အခြေအနေတွေကြောင့် စီးပွားရေး အပေါ် ရိုက်ခတ်မူတွေလည်း ကြုံနေရပတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ အာရှလမ်းသစ်ဖွင့်ပွဲကျင်းပဖို့ ဒီကနေ့ စီစဉ်ထားပေမဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ တာကြောင့် အစီအစဉ်ကို ဖျက်ခဲ့ရတာပါ။ ထိုင်း-မြန်မာ နှစ်နိုင်ငံအာဏာပိုင်တွေ ပူးတွဲဖွင့်လှစ်ဖို့ စီစဉ်ထားပေမဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်၊ (DKBA) တို့ကြား တိုက်ပွဲတွေကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့ရဲစခန်းက တာဝန်ကျရဲအရာရှိတဦး ပြောပြတာကတော့ -

“မလုပ်ဖြစ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီမှာတော့ အခုထိ ဘယ်နေ့လုပ်မယ်ဆိုတာကို မလာသေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘက်က လုံခြုံရေးအပိုင်းပဲလေ။ လုံခြုံရေးစိတ်မချရဘူးဆိုရင် တဘက်နိုင်ငံကလည်း လာမှာမဟုတ်ဘူး။ အာရှလမ်းကတော့ ကောင်းနေပါပြီ။ သွားလို့လာလို့ အကုန်လုံးရနေပါပြီ။ ဒီနေ့လုပ်မယ်ဆိုတာကိုတော့ အဲဒီ ဇူလိုင်လဆန်းပိုင်းတုန်းက ထပ်ပြီးတော့ နောက်ဆုံးဆွေးနွေးချက်ကိုတော့ မလုပ်ဖြစ်လိုက်ဘူးဗျ။ ထိုင်းနဲ့မြန်မာနဲ့ ဆောက်လုပ်ရေးဘက်က ကူးလူးရမယ့်အဆင့်အထိ မရောက်ခဲ့ဘူး။ ပထမတုန်းကတော့ ဟိုး ဇွန်လဆန်းတုန်းကလုပ်တဲ့ အစည်းအဝေးမှာတော့ ဒီ ဇူလိုင်လဆန်းမှာ နောက်ဆုံးဆွေးနွေးပွဲလုပ်ပြီးကာမှ အခု ဇူလိုင်လ ၂၀ သို့မဟုတ် ဇူလိုင်လ ၂၈ ဆိုပြီးတော့ သူတို့ - ဇူလိုင်လ (၈) ရက်နေ့မှာ ထပ်မံအစည်းအဝေးလုပ်တယ်ဆိုပြီးတော့ သူတို့ အသေးစိတ် ဆုံးဖြတ်ထားတာရှိတယ်။ နှစ်ဘက်အာဏာပိုင်တွေရော၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဟိုဘက်က ကုမ္ပဏီတွေနဲ့ အကုန်လုံး နောက်ဆုံးဆွေးနွေးပွဲလုပ်ပြီးကာမှ ဒီမှာဖွင့်မယ့် အစီအစဉ်ပေါ့နော်၊ အဲဒီ နောက်ဆုံးအဆင့်အစည်းအဝေးကို မလုပ်ဖြစ်တဲ့အတွက် ဒီလထဲမှာတော့ လုပ်ဖြစ်တော့မယ် မထင်ဘူး။ နောက်တခု လျာထားတာကတော့ (၈) လပိုင်းထဲမှာ လုပ်ဖို့ လျာထားပါတယ်။ ဇူလိုင် (၂၀)၊ ဇူလိုင် (၂၈)- အဲဒါမှ မလုပ်ဖြစ်ရင် (၈) လပိုင်းက ရက်တရက်ကို သူတို့သတ်မှတ်ထားတယ်ဗျ။ အဲဒီရက်ကိုတော့ ကျနော်လည်း မပြောတတ်ဘူး။”

မြန်မာအစိုးရကတော့ အာရှလမ်းသစ်မှာ အခွန်ကောက်ခံနေတဲ့ ကလိုထူးဘော လက်နက်ကိုင်အဖွဲ့ကို တားမြစ်ရင်း တိုက်ပွဲတွေ စတင်ဖြစ်ပွား ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဒီနေ့မှာလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲဘက်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့လည်း ဒီကေဘီအေ ကလိုထူးဘောဗျူဟာက ဗိုလ်မှူးစောဆန်းအောင်က ပြောပါတယ်။

“သူတို့ မတက်လာဘဲနဲ့ လက်နက်ကြီးနဲ့ပစ်နေတယ်။ ….ပစ်နေတယ်ပေါ့နော်။ ….”

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အထိအခိုက်တွေတော့မရှိသေးဘူးလို့ ဒီကေဘီအေဘက်ကဆိုပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း နှစ်ဘက် သေဆုံးမှု၊ ထိခိုက်မှုတွေရှိခဲ့ကြောင်း မြန်မာစစ်တပ်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။ ဒီလဆန်းကစပြီး နှစ်ဘက်အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားရာက ကုန်သွယ်စီးဆင်းရာ လမ်းကြောင်းတွေ လည်း ပိတ်ဆို့သွားခဲ့တာပါ။ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာ အဓိက လမ်းကြောင်းတခုဖြစ်တဲ့ အာရှလမ်းသစ်အနီးက တိုက်ပွဲတွေနဲ့အတူ မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်နေတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေမှာ ရိုက်ခတ်မှုတွေလည်း ကြုံနေရတာပါ။

ထိုင်းနယ်စပ်မှာတော့ အခုလိုမတည်ငြိမ်မှုတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးခဲ့ရပြီး စိုးရိမ်မှုတွေကြောင့် လုပ်ငန်းတချို့ရပ်နား ထားရကြောင်းနဲ့ စီးပွားရေးအရ ဂယက်ရိုက်ခတ်မူတွေ ရှိနေတယ်လို့ ကုန်သည်တဦးက ဆိုပါတယ်။

“ကုန်ဈေးနှုန်းတက်တာတွေ၊ ဟိုဘက် ဒီဘက် ကုန်သွယ်ဈေး…..စစ်ပွဲတွေကြောင့် ….တာတို့၊ ဒါမျိုးတွေကတော့ ရှိတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော် လမ်းကြောင်းပေါ် မတက်နိုင်တာ တော်တော်လေး ကြာပြီးမှ၊ စစ်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ မတက်ဘဲနေတယ်၊ ဒီလမ်းကြောင်းပေါ်ကို။”

ဒီကနေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာတွေမှာတော့ ကလိုထူးဘော ကရင်အစည်းအရုံးနဲ့ တိုက်ပွဲတွေအတွင်း လက်နက်နဲ့ ခဲယမ်းမျိုးစုံကို ကော့ကရိတ်မြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ထဲမှာ ဖမ်းမိကြောင်း ဖော်ပြထားပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာတွေက ထောင်ဂဏန်းလောက်ရှိတဲ့ ကျေးရွာသားတွေဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေဆဲဖြစ်ပါတယ်ရှင်။

XS
SM
MD
LG