သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် စည်ပင်ဝန်ကြီးသစ် ခန့်အပ်မှု ကန့်ကွက်မှုတွေနဲ့ကြုံ


ချင်းပြည်နယ် စည်ပင်ဝန်ကြီးသစ် ဦးစိုးထက်
ချင်းပြည်နယ် စည်ပင်ဝန်ကြီးသစ် ဦးစိုးထက်

ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်း လစ်လပ်နေတဲ့ဝန်ကြီးအသစ်တဦး အမည်တင်သွင်းမှုနဲ့ ပက်သက်လို့ ဒီကနေ့ ချင်းပြည်နယ်လွှတ်တော်မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး ခန်းမအပြင်ထွက်ကန့်ကွက်ခဲ့ပေမဲ့ လွှတ်တော်ကနေအတည်ပြုခဲ့ပါတယ်။ ဝန်ကြီး ခန့်ထားရေး ကိစ္စမှာ ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ အထက်အဆင့်က ဖိအားပေးလာတဲ့ ပုံစံတွေကို လက်မခံလို့ ကန့်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်း ထောက်နိုင်ကွန်းအိန်က သတင်းပးပို့ထားပါတယ်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကနေ ညှိနှိုင်းမှုမရှိဘဲ ဝန်ကြီးအသစ် အမည်စာရင်း တင်လာမှု ကန့်ကွက်တဲ့အနေနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေးခန်းမ ကနေ ထွက်ခွါခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖွေးအာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ သဘောထားကွဲလွှဲမှုလေးတွေ ဖေါ်ထုတ်တာပါ။ အခုဟာက အပေါ်ကနေပဲ ပညာရှင်ရှာရမယ်။ အပေါ်ကလူတွေက ဒီလိုဖိအားပေးတယ်။ ဒီလိုပြောတယ်လို့သူတို့က နိုင်ကွက်ရှာပြီးတော့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးမပေးတဲ့အတွက်ကြောင့် သဘောထား ကွဲလွဲ မှုလေးတွေရှိတယ်။ ကျနော်တို့ကတော့ အဆိုတင်သွင်းဖို့ လွှတ်တော်ဥက္ကဋ္ဌက နေခေါ်တဲ့ အချိန်မှာ ကျနော်တို့ကတော့ သဘောထားဆန္ဒကိုဖေါ်ထုတ်တဲ့အနေနဲ့ အပြင်ကို ထွက်သွားပါတယ်ခင်ဗျ။ ကျနော်တို့ NLD ပါတီဝင်ထဲကတော့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ တွန်းဇံရယ်၊ မင်းတပ်ရယ်၊ ကန်ပက်လက်ရယ်၊ ပလက်ဝရယ် လွှတ်တော် ကိုယ်စားလှယ်တွေ ကတော့ အကုန်လုံးထွက်ခွါတယ်ခင်ဗျ။ စုစုပေါင်း NLD လွှတ်တော် ကိုယ်စားလှယ် က (၇) ယောက်ပဲရှိတယ်။ (၇) ယောက်ထဲမှာ (၆) ယောက်က တက်ရောက်မှုမရှိဘူး။”

မေလ (၂၄) ရက် ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌက ဦး စိုးထက်ကို ဝန်ကြီးနေရာ အစားထိုးဖို့အဆိုတင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ် အချို့က သဘောမတူလို့ ဒီကနေ့မေလ (၂၅) ရက်မှာ ဆက်လက်ဆွေးနွေးရာမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ကနေလွှတ်တော်ခန်းမထဲက ထွက်ခွာ ကန့်ကွက်ခဲ့ကြ တာပါ။

NLD လွှတ်တော်ကိုယ်စားလှယ်တွေကနေ ကန့်ကွက်ပေမဲ့လည်း ဦးစိုးထက်ကို စည်ပင် ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဒီကနေ့ ချင်းပြည်နယ် လွှတ်တော်ကနေ အတည်ပြုလိုက်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမူထန်ကပြောပါတယ်။

“ကျနော်တို့ ကန့်ကွက်သူမရှိလို့ အတည်ပြုလိုက်ပါတယ်။ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ကတော့ အကုန်လုံးသူတို့ထွက်သွားပါတယ်။ ဝန်ကြီးလုပ်တဲ့သူတွေနဲ့ တပ်မတော်သားနဲ့ ကျနော်တို့ပြည်ခိုင်ဖြိုးတွေပဲ ကျန်ပါတယ်ခင်ဗျ။ ကျနော်တို့ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ NLD ကိုယ်စားလှယ်တွေမရှိတဲ့အခါကျတော့။ ခန့်မှန်းသလောက် ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ထဲကမခန့်ဘဲ အပြင်ကပုဂ္ဂိုလ်တွေပဲဆွဲထည့်နေတာကို သူတို့သိပ်ဘဝင်မကျဘူးထင်တယ်။”

ဦးစိုးထက်ကိုချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီးအဖြစ် လွှတ်တော်ကနေ အတည်ပြု ထားပြီးဖြစ်လို့ နိုင်ငံတော်သမ္မတကို တင်ပြပြီး အတည်ပြုချက်ရယူ သွားရမှာ ဖြစ်တယ်လို့သူကဆိုပါတယ်။

မကြားသေးမီက နုတ်ထွက်သွားခဲ့တဲ့ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင် နေရာမှာ ဦးစိုးထက်ကို အစားထိုး ခန့်သွားဖို့ ချင်းပြည်နယ် လွှတ်တော်ကို အမည်စာရင်းရောက်ရှိလာပြီး ဦးစိုးထက်ရဲ့ ကိုယ် ရေးအချက်အလက်နှင့် ပတ်သက်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေ အကြား ဖြန့်ဝေခဲ့ပါတယ်။

တပ်မတော်အရာရှိဟောင်းဦးစိုးထက်ကို စည်ပင်ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ချင်းပြည်နယ် ဝန်ကြီးချုပ်ကနေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မနေ့ကညှိနှိုင်းပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလက်မခံခဲ့ဘူးလို့ ဦးဖွေးအာ က ဆိုပါတယ်။

“ဝန်ကြီးချုပ်က ညနေပိုင်းမှာ ကျနော်တို့ကို ညှိပြောတယ်။ အဆင်မပြေပါဘူး။ သူလိုချင်တဲ့ ဟာပဲ ပြောသွားတယ်။ သမ္မတကြီးက ဝန်ကြီးဟောင်းအတွက် ပညာရှင်ကို ရှာရမယ်လို့ ညွှန်ကြားတယ် ဆိုပြီးတော့ ဒီဟာဒီစကားနဲ့ပဲ ဆုံးသွားလို့ ကျနော်တို့လည်း ဘာမှ မပြောနိုင်တော့ဘူး။ ပညာရှင်လို့ပြောမယ်ဆိုရင် စည်ပင် လျှပ်စစ် စက်မှုနဲ့ သက်ဆိုင်တဲ့ ဘွဲ့မျိုးရလို့ရှိရင်တော့ ကျနော်တို့လက်ခံနိုင်သေးတယ်။”

ဦးစိုးထက်ဟာ တပ်မတော်မှာ ဒုဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မှာ အမျိုးသားလွှတ်တော်ရုံးမှာ ဒုညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

လက်ရှိချင်းပြည်နယ်ကန်ပက်လက်မြို့နယ်အတွင်းမှာ ဒေသတွင်းမတည်ငြိမ်သေးတဲ့ အခြေအနေကြောင့် တပ်မ တော်အရာရှိဟောင်းတဦး ဖြစ်သူ ဦးစိုးထက်က ဝန်ကြီး တာဝန်ယူခဲ့ရင် ပြဿနာဖြေရှင်းဖို့ အဆင်ပြေလိမ့်မယ်လို့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ် ဝန်ကြီးချုပ်တို့ အမြင်သဘောထား ရှိနေတယ်လို့လည်း ဦးဖွေးအာကဆိုပါတယ်။

“ဒီပလက်ဝမှာ ပဋိပက္ခတွေဖြစ်နေတဲ့ကိစ္စတွေ သူက အဲဒီအမြင်ရှိတဲ့အတွက်ကြောင့်မို့ ဖြေရှင်းနိုင်မယ်လို့ သူတို့ကတော့ချပြတယ်ပေါ့။ ကျနော်တို့ဘက်ကတော့ပြောပါတယ်။ ဒီဟာကသူ့တာဝန်မဟုတ်ဘဲနဲ့ နယ်စပ်ရေးဟာ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး တာဝန်ပဲလို့ ကျနော်တို့ကတော့ပြောတယ်။”

ပါတီလွှတ်တော်ကိုယ်စားလှယ်တွေကန့်ကွက်နေပေမဲ့ ဦးစိုးထက်ကို စည်ပင်ဝန်ကြီး ခန့်ထားတဲ့အပေါ် လွှတ်တော် ဥက္ကဋ္ဌနဲ့အစိုးရအဖွဲ့ကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလအတွင်းမှာပဲ ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင် ရာထူးကနေ နှုတ်ထွက် သွားတဲ့အပေါ် ချင်းလူငယ်အဖွဲ့အစည်းတွေ ချင်းလူထု အခြေပြု အဖွဲ့အစည်းတွေကနေ ချင်းပြည်နယ် လွှတ်တော် နဲ့ အစိုးရအပေါ် အမြင်မရှင်းလင်းမှုတွေ ရှိနေပါတယ်။

ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ NLD လွှတ်တော်ကိုယ်စားလှယ် တွေကနေ လက်မခံကန့်ကွက်တာ ချင်းပြည်နယ်အတွင်း ပထမအကြိမ်ဖြစ်ပွါးလာတာဖြစ်သလို ဒီလိုအခြေအနေ မျိုးတွေကြောင့် NLD အဖွဲ့အတွင်း မလိုလားအပ်တဲ့ညီညွှတ်ရေး ပျက်ပြားမှုတွေဖြစ်မှာကို စိုးရိမ်တယ်လို့ ပြည်နယ် NLD ပါတီခေါင်းဆောင်တဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG