အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှုအခြေအနေ ဒီနေ့ စနေနေ့မှာ အတော်လေး ဆိုးနေတဲ့အတွက် မြို့ခံတွေ အိမ်ပြင်ထွက်ဖို့တောင် စိုးရိမ်နေကြပါတယ်။ မြို့တော်ထဲက နေရာတော်တော်များများရဲ့ ဒီနေ့ လေထုအခြေအနေဟာ ကျန်းမာရေးကို အတော်ထိခိုက်နိုင်တဲ့ အဆင့်မှာရှိနေပြီး၊ တချို့နေရာတွေမှာတော့ အန္တရာယ်ရှိတဲ့အဆင့်မှာ ရောက်နေပါတယ်။
မြို့တော်ထဲမှာ မီးခိုးမြူတွေ ထူထပ်ဖုံးလွှမ်းနေတဲ့အတွက် အိမ်ပြင်ထွက်ဖို့တောင် စိုးရိမ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ဒါပေမဲ့ တနေ့လုပ်စာရဖို့ မဖြစ်မနေ အလုပ်ထွက်လုပ်ရသူတွေကတော့ နှာခေါင်းကိုအုပ်ပြီး အပြင်ထွက်နေရတယ်လို့ ပြောကြပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ မော်တော်ကားတွေကထွက်တဲ့ ညစ်ညမ်းလေတွေ၊ Punjab နဲ့ Haryana ပြည်နယ်တွေမှာ စိုက်ပျိုးမြေတွေကို မီးရှို့ရှင်းနေတာတွေကြောင့် ဒေလီမြို့တော်နဲ့ အနီးဝန်းကျင်ဒေသတွေအထိ မီးခိုးမြူတွေ ဖုံးလွှမ်းနေတာဖြစ်ပါတယ်။
မြို့တော်ရဲ့ လေထုအရည်အသွေး တိုင်းတာမှုတွေမှာ လွန်ခဲ့တဲ့ သီတင်းတပတ်ထဲက ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်ကို ကျော်လွန်နေတဲ့အတွက် တချို့ရက်တွေမှာ မူလတန်းကျောင်း အားလုံးကို ပိတ်ထားဖို့ တာဝန်ရှိသူတွေက ကြေညာခဲ့ရပါတယ်။ ကမ္ဘာကြီးပူနွေးစေတဲ့ ညစ်ညမ်း ဖန်လုံအိမ်ဓါတ်ငွေ့တွေ၊ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုတွေကို လျှော့ချပြီး ဥတုရာသီဖောက်ပြန်မှုတွေကို ကာကွယ်နိုင်ဖို့နိုင်ငံစုံက ခေါင်းဆောင်တွေ၊ သဘာဝ ပတ္ပန်းကျင်အရေး ဆောင်ရွက်သူတွေ အီဂျစ်နိုင်ငံမှာ COP 27 အစည်းအဝေး လုပ်နေချိန်မှာပဲ အခုလို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကို ကြုံနေကြရတာ ဖြစ်ပါတယ်။
==== Unicode ====