သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ထိပ်တန်းခေါင်းဆောင်တွေ ယူကရိန်းမြို့တော် သွားရောက်


ဥရောပသမဂ္ဂ (EU) ရဲ့ ထိပ်တန်းသံတမန်သစ် Kaja Kallas (Photo by FREDERICK FLORIN / AFP)
ဥရောပသမဂ္ဂ (EU) ရဲ့ ထိပ်တန်းသံတမန်သစ် Kaja Kallas (Photo by FREDERICK FLORIN / AFP)

ဥရောပသမဂ္ဂ (EU) ရဲ့ ထိပ်တန်းသံတမန်သစ် Kaja Kallas နဲ့ ဥရောပကောင်စီအကြီးအကဲ Antonio Costa တို့ဟာ သူတို့လုပ်ငန်းတာဝန်တွေ စတင်တဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ကို သွားရောက်ခဲ့ကြပါတယ်။
ကျနော်တို့အနေနဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ပြီး အကူအညီတွေ အပြည့်အဝ ဆက်ပေးသွားမယ်ဆိုတဲ့ သတင်းစကားကို ရှင်းရှင်းလင်းလင်း ပြောဖို့ ကျနော်တို့ ဒီကိုလာခဲ့တာ ဖြစ်တယ်လို့ EU ကောင်စီအကြီးအကဲ Antonio Costa က သူတို့နဲ့အတူ လိုက်ပါလာတဲ့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ ၃ နှစ် နီးပါ ကြာမြင့်လာပြီး အန္တရာယ်အကြီးမားဆုံး ရင်ဆိုင်နေရချိန်မှာ EU ခေါင်းဆောင်အသစ်တွေအနေနဲ့ ယူကရိန်းအစိုးရကို အခိုင်အမာ ဆက်လက်ထောက်ခံတယ် ဆိုတာကို ပြသချင်နေတာပါ။ ယူကရိန်းနိုင်ငံရဲ့ အခြေအနေက အလွန်ကို စိုးရိမ်စရာကောင်းကြောင်း ဒါပေမဲ့ ရုရှားဘက်မှာလည်း ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်ဆိုတာ ရှင်းပါတယ်လို့ Estonia ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Kallas က ပြောပါတယ်။

အမေရိကန်မှာ လာမယ့် ဇန်နဝါရီလမှာ ထရမ့်အစိုးရသစ် တက်လာပြီးနောက်ပိုင်း အမေရိကန်ဆီက အကူအညီတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ဖြစ်ပေါ်နေသလို၊ ယူကရိန်းအစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို မထိုးချင်ပဲ ထိုးလာရနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ဖြစ်ပေါ်နေပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းကို ရုရှားက နောက်ဆုံးပေါ် Oreshnik ဒုံးကျည်နဲ့ပြီးခဲ့တဲ့လက ပထမဆုံးအကြိမ် တိုက်ခိုက်ပြီးတဲ့နောက် ကိဗ်မြို့တော်မှာရှိတဲ့ အစိုးရအဆောက်အအုံတွေကိုလည်း အဲဒီဒုံးကျည်နဲ့ တိုက်ခိုက်ပစ်မယ်လို့ ရုရှားသမ္မတပူတင်က ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့က သူတို့ရဲ့ မစ်ဇိုင်းဒုံးတွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို ခွင့်ပြုခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အဲဒီလို လုပ်တာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ပြောလိုက်ပြီး ယူကရိန်းကို လက်နက်ထောက်ပံ့တဲ့ နိုင်ငံတွေကိုလည်း ပြန်လည်တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Forum

XS
SM
MD
LG