သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လက်ရွေးစဉ် ဘောလုံးအသင်း နည်းပြသစ်ခန့်


မြန်မာဘောလုံးနည်းပြသစ် တချိန်က စင်ကာပူ လက်ရွေးစင် အသင်း နည်းပြဟောင်း Radojko Avramovi (ဖေဖော်ဝါရီ ၅၊ ၂၀၁၄)
မြန်မာဘောလုံးနည်းပြသစ် တချိန်က စင်ကာပူ လက်ရွေးစင် အသင်း နည်းပြဟောင်း Radojko Avramovi (ဖေဖော်ဝါရီ ၅၊ ၂၀၁၄)
မြန်မာနိုင်ငံရဲ့ ဘောလုံးလောက တိုးတက်ဖွံဖြိုးဖို့အတွက် ကစားကွင်းတွေ သင်တန်းတွေကအစ ဖြည့်ဆည်းစရာတွေ အတော်များများ ရှိနေတယ် လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ က ပြောပါတယ်။ မြန်မာဘောလုံး အသင်း ရဲ့ အဆင့်အတန်းဟာလည်း အရှေ့တောင်အာရှအဆင့်ပဲရှိပြီး အာရှအထိ တက်လှမ်းနိုင်ဖို့ ဆိုရင် အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက သတင်းပေးပို့ထားတာပါ။

လစ်လပ်နေတဲ့ မြန်မာ့လက်ရွေးစဉ်ဘောလုံးအသင်း နည်းပြနေရာကို အသစ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီးလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာပဲ မြန်မာနိုင်ငံဘောလုံးလောက တိုးတက်ဖွံ့ဖြိုး လာဖို့အတွက် ဘောလုံးကွင်း အစ ငွေကြေး ရံပုံငွေအဆုံး လိုအပ်ချက်တွေ အတော်ကြီး ရှိနေတယ် လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသွားတာပါ။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဖေဖော်ဝါရီ ၅၊ ၂၀၁၄)
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဖေဖော်ဝါရီ ၅၊ ၂၀၁၄)
ပြီးခဲ့တဲ့ အရှေ့တောင် အာရှဘောလုံးပြိုင်ပွဲမှာ မြန်မာက ချန်ပီယံရဖို့အထိ မှန်းခဲ့သလို မရခဲ့တဲ့အပေါ် သင်ခန်းစာယူပြီး ကစားသမားတွေရော ဘောလုံး အဖွဲ့ချုပ်က အခုထက်ပိုပြီး ကြိုးစားအားထုတ်ဖို့ လိုနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင်တဖက်မှာလည်း ဘောလုံးလောကအတွက် အခြေခံကျကျ လိုအပ်ချက်တွေဟာ အခြားနိုင်ငံတွေနဲ့ အတော်ကြီးကွာဟနေတုန်းပဲလို့ ဗွီအိုအေရဲ့ မေးမြန်းချက်ကို ဦးဇော်ဇော်က ဖြေကြား ပြောဆိုသွားတာပါ။

" ကျနော် ခုနက ပြောသလို ကျနော်တို့မှာ ကွာခြားချက်တွေ အများကြီး ရှိပါတယ်။ ခုန အကိုမေးတဲ့ ဘာကွာခြားသလဲလို့မေးရင် ကျနော် ခုနက ပြောသလို မြန်မာပြည်မှာ နည်းပြ ၃၀၀ကျော်ပဲ ရှိပါတယ်။ နိုင်ငံခြားမှာ နည်းပြ နှစ်သောင်းကျော်ရှိတယ်။ မြန်မာပြည်မှာ လေ့ကျင့်စရာကွင်းပေါင်း လက်ရွေးစင်အသင်းတောင် ကျင့်စရာ ကွင်းမရှိဘူး။ ဒါပေမဲ့ နိုင်ငံတကာမှာ အိုဆာကာ တမြို့တည်း ကွင်းပေါင်း တစ်ရာကျော်ရှိတယ်။ ဒီလိုမျိုး ကွာဟချက်တွေတင်မဟုတ်ဘူး။ ( Coaching) မှာ ကျနော်တို့အနေနဲ့ Coaching Education) အများကြီး လုပ်ဖို့လိုတယ်။ စနစ်တကျ သင်တဲ့ စနစ်တကျ လေ့လာထားတဲ့ နည်းပြတွေ၊ လိုင်စင် ကမ္ဘာမှာ ရှိတဲ့ Certificate ပေးထားတဲ့ နည်းပြတွေ အများကြီးလိုပါတယ်။ ဒါကြောင့် အကယ်ဒမီဆိုရင်လည်း ကျနော် ရှင်းပြပါမယ်။ ကျနော်တို့မှာ အကယ်ဒမီ တစ်ခုပဲ ရှိပါတယ်။ ကျနာ်တို့ မန္တလေးမှာ ဆောက်ထားတဲ့ အကယ်ဒမီ။ သူများနိုင်ငံမှာ အကယ်ဒမီပေါင်း မြောက်များစွာ ရှိပါတယ်။ ပြိုင်ပွဲတွေ ဆိုရင်လည်း League တွေက သူများနိုင်ငံက League တွေက အရမ်းကို အဆင့်မြင့်နေပါပြီ။ ကျနော်တို့ League က မနည်းကို ရုန်းကန်ရပ်တည်နေရတဲ့ ဘဝပါ။ အဲ့တော့ မရှိ ရှိတဲ့ ကြားထဲက မဖြစ်ဖြစ်အောင် လုပ်နေတဲ့ အနေအထားမျိုး ပါ။"

လိုအပ်ချက်တွေထဲမှာ နည်းပြကောင်းကောင်း လိုအပ်တာကြောင့် မြန်မာ လက်ရွေးစဉ်ဘောလုံးအသင်းအတွက် နည်းပြခေါ်ယူရာမှာ အတော်များများ လျှောက် ထားခဲ့တဲ့ အထဲက အကောင်းဆုံး ဖြစ်မယ့် စင်ကာပူ လက်ရွေးစင် အသင်း နည်းပြဟောင်း Radojko Avramovi ကို ရွေးချယ်ခဲ့တာဆိုပြီးတော့ ဦးဇော်ဇော်က ရှင်းပြပါတယ်။ သူဟာ နိုင်ငံတကာမှာ လည်း နာမည်ရထားတဲ့ နည်းပြတဦးဖြစ်ပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဘောလုံးနည်းပြသစ်
မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဘောလုံးနည်းပြသစ်

" တကယ်တမ်းကျတော့ ကျနော်တို့ ဘောလုံးအသင်းက အာဆီယံ Region Levelမှာပဲ ကျနော်တို့ ရှိပါသေးတယ်။ အာရှ Level အဆင့်ကို မရောက်သေးပါဘူး။ ဒါကြောင့်မို့ အာဆီယံ Level မှာ ရှိတဲ့ ကစားအသင်းတွေနဲ့ ပြိုင်မယ်ဆိုရင် ဒီလက်ရှိနည်းပြအနေနဲ့ကတော့ အာဆီယံ Region မှာ သူကောင်းကောင်း သိတယ်။ သိတယ်ဆိုတာ ဆူဇူကီး Cup လည်း သူရဖူးတယ်။ နောက်တစ်ခုက သူ အာရှအဆင့်မှာ ကူဝိတ်ကို သူ အိုလံပစ် ကွာလီဖိုင်းဖြစ်ပြီးတော့ နောက်ဆုံးအဆင့်ပြိုင်ပွဲအထိ ဝင်ရောက် ယှဉ်ပြိုင်နိုင်အောင် သူလုပ်ပေးခဲ့တယ်။ နောက်တခုက စည်းကမ်းအပိုင်းရယ် စည်းရုံးမှုအပိုင်းရယ်မှာ ဒီအပိုင်းမှာလည်း သူ့ရဲ့ result ကောင်းခဲ့တယ်။

အခုနည်းပြသစ်ငှားရမ်းမှုနဲ့ပတ်သက်လို့ အခငွေကြေးကိုတော့ နှစ်ဖက်စလုံးက ထုတ်မပြောဖို့ သဘောတူထားလို့ဆိုပါတယ်။ ခန့်မှန်းသူတွေကတော့ အတော်လေးအခငွေကြေးပေးရတာကြောင့်ဖြစ်မယ်လို့ ခန့်မှန်းသူတွေက ယူဆပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်း ကလပ်အသင်းတွေနဲ့ ပူးပေါင်းညှိုနှိုင်းပြီး လက်ရွေးစဉ်အသင်းအတွက် လူ ရွေးချယ် သွားရမှာဖြစ်ပါတယ်။ သူဟာ မြန်မာဘောလုံး အခြေအနေကို ကောင်းကောင်း သိပြီးတော့ မြန်မာအသင်းရဲ့ အနိုင်အရှုံးရလဒ်တွေ ကစားပုံတွေကိုလည်း သိထားသူဖြစ်တယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ကိုရီးယားနည်းပြကတော့ အရှေ့တောင် အာရှပြိုင်ပွဲမှာ မြန်မာအသင်း ထွက်ရပြီးနောက် သူကိုလည်း ဖယ်ရှားလိုက်တာပါ။ အခု နည်းပြသစ်ကတော့ အရင်နည်းပြထက် မြန်မာဘောလုံးအသင်းအတွက် ပိုပြီး ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ဘောလုံးဆောင်းပါးရှင် ခင်မောင်ထွေး(ပျဉ်းမနား) က ဗွီအိုအေကို ပြောပါတယ်။

" ပြီးသွားတဲ့ နည်းပြပေါ့နော်။ သူ့မှာက အားနည်းချက်တွေရှိတယ်။ အဓိက အားနည်းချက်ကတော့ အင်္ဂလိပ်စကား လုံးဝ မတတ်တာပဲ။ အဲ့တော့ ဒီက ရှိတဲ့သူတွေနဲ့ နည်းပြဆရာနဲ့ ဘေးက လူတွေနဲ့ ပေါင်းရသင်းရ ပြောရဆိုရတာ အတော်လေး အခက်အခဲ ရှိတယ်။ ဘောလုံးပွဲဆိုတာကလည်း ကစားနေစဉ် အတွင်းမှာ နည်းပြဆရာက ပွဲတိုင်းမှာ Technical လိုင်းထိပ်က ပါးစပ်က အော်ဟစ်ပြောဆိုနေရတဲ့ ကစားနည်းမျိုးနော်။ စင်ကာပူက နည်းပြဆရာကတော့ စင်ကာပူအသင်းကိုင်တုန်းက တော်တော်လေး တက်တက်ကြွကြွရှိတယ်နော်။ နောက်ပြီးတော့ သူက အင်္ဂလိပ်စကား ကျွမ်းကျင်ဟန်တူတယ်။ အပြောင်းအလဲတခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်ကြီး ဆိုးဆိုးဝါးဝါး ဖြစ်သွားတဲ့ နည်းပြဆရာတော့ ဆက်ထားလို့ မသင့်ဘူးထင်တယ်လေ။ အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲမှာ ရွှေတံဆိပ်ရဖို့ ဆိုတာချည်းက ပျက်သွားရောလေ။"

မြန်မာအသင်းတွေအနေနဲ့ ဒီနှစ်ထဲမှာတော့ နိုင်ငံတကာပြိုင်ပွဲ နှစ်ဆယ်လောက် ကို ကစားဖို့ရှိတယ်လို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က ပြောပါတယ်။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သုံးစွဲရတဲ့ ငွေကြေးရံပုံငွေဟာလည်း နည်းပါးလွန်းသေးတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာတော့ မကြာခင်တုန်းက မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရထားတဲ့ အူရူးဒူး ကုမ္ပဏီက မြန်မာဘောလုံး အဖွဲ့ချုပ်အတွက် ငွေကြေးထောက်ပံ့မှုတွေ လုပ်သွားမယ်လို့ လည်း ပြောသွားပါတယ်။
XS
SM
MD
LG