သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာ လွဲှပြောင်းရေး လက်ရှိအစိုးရ အသင့်ရှိ


 နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ နဲ့ NLD အစည်းအဝေး။ (မတ် ၂၂၊ ၂၀၁၆)
နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ နဲ့ NLD အစည်းအဝေး။ (မတ် ၂၂၊ ၂၀၁၆)

လာမယ့် မတ်လ၃၀ရက်နေ့မှာ သမ္မတသစ်ကို လက်ရှိသမ္မတက အာဏာ လွှဲအပ်ပေးမယ့် နိုင်ငံတော်အကြီးအကဲ တာဝန် လွှဲပြောင်းရေးကိစ္စ အတွက် လက်ရှိအစိုးရဘက်က အသင့်ဖြစ်နေပြီလို့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ ကပြောဆိုလိုက်ပါတယ်။ အစိုးရသစ်မှာ ပါဝင်မယ့် ဝန်ကြီးသစ်တွေ အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သွားရောက်လေ့လာနိုင်ဖို့ စီစဉ်နေသလို ဝန်ကြီးသစ်တွေ အတွက် အိမ်ယာ လွှဲအပ်ရေး စီမံပေးနေတယ်လို့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဝင်ကပြောပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်ကပြောပြပေးပါမယ်။

၂၀၁၅ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်က တင်မြှောက်လိုက်ပြီဖြစ်တဲ့ သမ္မတသစ် ဦးထင်ကျော်ကို လက်ရှိအစိုးရ သမ္မတဦးသိန်းစိန်က သူ့သက်တမ်းကုန်အပြီး အုပ်ချုပ်ရေး အာဏာကို လာမယ့်မတ်လ(၃၀)ရက်နေ့မှာ သမ္မတအိမ်တော်မှာ အခမ်းအနားနဲ့ တာဝန်လွှဲအပ်မှာဖြစ် တယ်လို့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဝင် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

"နံပတ်တစ်ကတော့ လွှဲပြောင်းရေးအခမ်းအနားပေါ့နော်။ အိမ်တော်မှာ လုပ်မယ့်ဟာ ဘယ်လိုလဲ ဆိုတော့ သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်မှာ ကတိသစ္စာပြု၊ ပြပြီးတာနဲ့ အိမ်တော်ကိုလာ၊ လာတဲ့အချိန်မှာ သမ္မတဦးသိန်းစိန်နဲ့ ကဘိနက်အဟောင်းပေါ့နော် အဲ့ကနေ ကြိုဆိုမယ်။ အဲ့တော့ သမ္မတအသစ်နဲ့ ကက်ဘိနက်အသစ် ဝန်ကြီး (၁၈) ပါးနဲ့ အဲ့ဒီ့ရှေ့မှောက်မှာ သီဟာသနပလ္လင်ပေါ့နော် ပလ္လင်ရှေ့မှောက်မှာ နိုင်ငံတော်သမ္မတ အဆောင်အယောင်ဆိုပြီး သတ်မှတ်ထားတဲ့ ရွှေစလွယ်ပေါ့နော် အဲ့တာ လွှဲမှာ။ လွှဲပြီးတာနဲ့ သမ္မတဦးသိန်းစိန် ထွက်ခွာမှာပေါ့နော်။ နောက်ဝန်ကြီးဟောင်းတွေ ဝန်ကြီးသစ်တွေ အချင်းချင်းနှုတ်ဆက်ပြီး ထွက်ခွာပေါ့နော်။ အဲ့တာပြီးတာနဲ့ ညပိုင်းကျရင်တော့ သမ္မတသစ်ရဲ့ အစီအစဉ်နဲ့ ညစာစားပွဲပေါ့နော်။ အကြမ်းဖျင်း မတ်လ ၃၀ပေါ့နော်။ ၃၀ ဟိုဘက် ဒီဘက်ပြောထားတယ်။ ဒီကြားထဲ အပြောင်းအလဲမရှိရင်ပေါ့နော်။"

သမ္မတသစ်ဦးထင်ကျော်က အဆိုပြုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ဝန်ကြီးသစ်တွေအတွက်လည်း သူတို့တာဝန်ယူမယ့် ဝန်ကြီးဌာနတွေက ဝန်ကြီးတွေရဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို သွားရောက်လေ့လာဖို့အစီအစဉ်ကိုလည်း အနိုင်ရပါတီ NLD က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံးဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းပြပါတယ်။

" ၃၀ရက်နေ့ မတိုင်ခင်ပေါ့နော်။ မတိုင်ခင်မှာ ဝန်ကြီးတွေက ကိုယ်နဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေကို သွားပြီးတော့ သွားရောက်ကြည့်ရှု့တာတို့ ဘာတို့ လုပ်မယ်လို့ ပြောထားတဲ့အခါကျတော့ ကျနော်တို့ဘက်ကလည်း ဝန်ကြီးတွေ လာတဲ့အခါ မူလကတည်းက ရှင်းလင်းတင်ပြဖို့ အတွင်းဝန်တွေနဲ့ ကျနော်တို့ အစည်းအဝေးတွေ လုပ်ထားတာရှိတယ်။ ကျနော်တို့ကတော့ ဒိပ်တောင်းထားတာပေါ့နော်။ ဘယ်နေ့လာမလဲ ကျနော်တို့က ဝန်ကြီးဌာနတွေကို အကြောင်းကြားပြီးတော့ အဲ့ဒီ့ဝန်ကြီးအသစ်တွေ လာတဲ့အခါ ဘယ်လိုဘယ်လို ရှင်းပြဖို့ ညွှန်ကြားထားတယ်။ သို့သော် အဲ့တာက ဒိပ်ကို မသိသေးဘူးပေါ့။"

ဒါ့အပြင်အစိုးရသစ်မှာ ပါဝင်မယ့် ဝန်ကြီးသစ်တွေ အတွက် နိုင်ငံတော်က စီစဉ်ပေးထားတဲ့ အိမ်ယာတွေနဲ့ပတ်သက်ပြီးတော့လည်း စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ဖို့အရေး စီစဉ်ပေးနေတယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

"အရင်တုန်းက နယက ခေတ်မှာ အထူးစီမံကိန်းက ကိုင်တယ် အဲ့တုန်းက ဝန်ကြီးဦးသိန်းညွန့်ပေါ့နော်။ ကိုင်ပြီးတော့ အခုနောက်ပိုင်းတော့ နေပြည်တော် စည်ပင်က အိမ်တော်တွေ ဝန်ကြီးအိမ်ယာတွေ ဒုဝန်ကြီးအိမ်ယာတွေ ထိန်းသိမ်းတယ်ပေါ့နော်။ ထိန်းသိမ်းတော့ ကျနော်တို့က ဝန်ကြီးတွေကို ဘယ်လောက် နောက်ဆုံးထားဆိုပြီးတော့ သမ္မတက ညွှန်ကြားထားတာရှိတယ်။ ဘယ်နေ့အပြီး ပြောင်းရွှေ့ပေါ့နော်။ ဘာကြောင့် စောစီးစွာ ပြောင်းရွှေ့ခိုင်းထားလဲ ဆိုတော့ အိမ်တွေမှာ သူတို့ လက်ခံစဉ်က ရရှိခဲ့တဲ့ အနေအထားအတိုင်း သူတို့ပြန်ပြင်ပေးရတာပေါ့နော်။ မီးလုံးကျွမ်းတာ၊ ရေပိုက်မလာတာကအစပေါ့နော်။ အဲ့တာတွေကို အကုန်ပြန်ပြင်ခိုင်း။ မူလရရှိစဉ်က လက်ခံထားတဲ့ အနေအထားအတိုင်း ပေါ့ မကောင်းရင် ပြန်ပြင်ပေး။ ပြင်ပေးပြီးတာနဲ့ ပြန်ပြီးတော့ လွှဲပြောင်း ဆိုပြီးတော့ အဲ့လို လုပ်ထားတာ။

လုပ်ထားတော့ အခုဝန်ကြီးတွေက ဝန်ကြီးအသစ်တွေက လွှတ်တော်မှာ ကျမ်းကျိမ်ပြီးတော့ ဝန်ကြီးအသစ်ဖြစ်ပြီပေါ့နော်။ ကျန်းကျိမ်ပြီးပြီ ဝန်ကြီးအသစ်ဖြစ်ပြီ အဲ့ဒီ့အချိန်မှာ သမ္မတအသစ်ကနေပြီးတော့ ဝန်ကြီးဌာနနဲ့ လူနဲ့ပေါ့ တွဲပြီးတော့ ခန့်အပ်တဲ့ အမိန့် ထုတ်မှာပေါ့နော်။ ထုတ်ပြီးတာနဲ့ ဝန်ကြီးအိမ်ယာတွေမှာ သူတို့ တက်ပြီးတော့ နေကြပြီပေါ့။ အဲ့မနေခင် စပ်ကြားမှာ ကြိုတင်ပြီးတော့ NLD ဘက်ကနေ ခွဲဝေပေးတယ်။ ဘယ်အိမ် ဘယ်သူနေ၊ ဘယ်အိမ် ဘယ်သူနေပေါ့။ အဲ့တာမျိုးတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က Transition Team က ဦးဝင်းထိန်ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အိမ်ယာတွေ လိုက်ပြတာရှိတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက။ "

နိုင်ငံမှာ နောင်အနာဂတ် အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်းလုပ်ရမယ့် အချိန်ကာလတိုင်း အာဏာလွှဲပြောင်းရေး၊ တာဝန်အပ်နှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အစိုးရအနေနဲ့ စနစ်တကျဆောင်ရွက်လုပ်ကိုင်နိုင်အောင်လည်း စီစဉ်ဆောင်ရွက် ထားတယ်လို့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီဝင် ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရသစ်တရပ်ဖွဲ့စည်းနိုင်တဲ့အထိ ပြည်သူ့ဆန္ဒမဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLDပါတီ ဦးဆောင်မယ့် အစိုးရသစ်နဲ့ လက်ရှိအစိုးရကြား အာဏာ လွှဲပြောင်းမှုချောမွေ့စေရေး အတွက် နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး လက်ရှိအစိုးရနဲ့ NLD တို့အကြား တာဝန်လွှဲပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကို ငါးကြိမ် အထိတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် မှာ အခုဆိုရင်တော့ အာဏာလွှဲပြောင်းရေးကိစ္စ အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီကပြောဆိုလိုက်တာပါ။

နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ က ကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်တွေအဖြစ် ဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေး အဖွဲ့ဘက်က အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမျိုးအောင်နဲ့ ဒေါက်တာအောင်သူတို့ ပါဝင်ပါတယ်။

XS
SM
MD
LG