သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်လက်ထက် HIV/AIDS တိုက်ဖျက်ရေး အလားအလာကောင်းနိုင်


NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ အခမ်းအနားတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၊ ၂၀၁၀။
NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ အခမ်းအနားတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ ဒီဇင်ဘာ ၂၊ ၂၀၁၀။

NLD ဦးဆောင်မယ့် အစိုးရသစ်ပေါ်ပေါက်လာချိန်မှာ HIV/AIDS ရောဂါပပျောက်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေပါတယ်။

ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့ပညာပေးလုပ်ငန်းတွေကို အလျှင်အမြန်ဦးစားပေးဆောင်ရွက်ဖို့လည်း ကနေဒါ ရောက် မြန်မာဆေးပညာရှင်တဦးက တိုက်တွန်း လိုက်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂရဲ့ ၂၀၁၅ခုနှစ် ဆောင်ပုဒ်ကတော့ “Getting To Zero” ရောဂါဖြစ်ပွားမှုနှုန်း လုံးဝမရှိတဲ့အခြေအနေ ဆိုပြီး သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှာ နိုင်ငံတွင်း HIV/AIDS ရောဂါကူးစက်မှု ပပျောက်အောင် အရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်မျှော်လင့်ထားကြောင်း ကနေဒါနိုင်ငံ အယ်လ်ဘားတားဆေးတက္ကသိုလ် ကထိက ဒေါက်တာခင်စောဝင်းကပြောပါတယ်။

“ဒေါ်စုက ဟိုတနေ့က သူပြောသွားတဲ့ မိန့်ခွန်းမှာဆိုလည်းသူပြောသွားတာကို ကောက်ချက်ချလိုက်လို့ရှိရင် အရင်ဆုံးက နိုင်ငံကြီးသားစိတ်ဓါတ်ရှိဖို့နဲ့ ဒီ အမှိုက်တွေ စည်းကမ်းမဲ့မပစ်ဖို့ ၊ အမှိုက်ကောက်ဖို့ကနေစပြီးတော့ သူကနေပြီးတော့ ပြောဆိုနေပြီဆိုတော့ ဒါ အဲဒီကနေစပြီးတော့ တဖြည်းတဖြည်းနဲ့ ဒီကျန်းမာရေး ဒီကိစ္စဖက်ကိုလည်း ရောက်လာမယ်လို့ ကျမတို့ အများကြီးယုံကြည်တယ်၊ မျှော်လင့်တယ်ပေါ့နော်။ အစိုးရဟာ အကျင့်စာရိတ္တ၊ ဒီခြစားမှု မရှိတဲ့အစိုးရဖြစ်လို့ရှိရင် နိုင်ငံတကာရဲ့ ယုံကြည်မှုက အများကြီးရမယ်လေ။ ပြည်သူတွေအားကိုးလောက်တဲ့ ဒီမိုကရေစီအစိုးရဖြစ်လာပြီဆိုတာနဲ့ နိုင်ငံတကာ အကူအညီကတော့ ကျမတို့ အနေနဲ့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံ HIV ရောဂါပိုးကူးစက်ခံနေရသူတွေကို ဝိုင်းကျဉ်ထားမှုမျိုးတွေ ပပျောက်အောင်ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဒေါက်တာခင်စောဝင်းကဆိုပါတယ်။

“HIV ရောဂါပိုးကူးစက်ခံရသူ၊ ရောဂါပိုးသယ်ဆောင်သူတွေနဲ့ပတ်သက်တဲ့အဲဒီလူတွေပေါ်မှာ ထားတဲ့စိတ်ဓါတ်ကလည်း အများကြီး ဒီ ပြည်သူလူထုအနေနဲ့ ပြင်ဆင်ဖို့ အများကြီးလိုအပ်တယ်ပေါ့နော်။ အထူးသဖြင့်ကတော့ ခုန ကပြောသလိုပဲ ‘getting to zero’ ဆိုတဲ့ဟာမှာ ခွဲခြားဆက်ဆံမှု discrimination မရှိရဘူး။ zero ဖြစ်စေရမယ်ဆိုတော့ အခုလောလောဆယ်မှာတော့ ဒီလိုစိတ်ထားမျိုးကို ပြောတာလွယ်သလောက် တကယ့် လက်တွေ့မှာ ကျင့်သုံးတဲ့လူတွေ သိပ်မတွေ့ရသလိုပဲလေ။ အဲတော့ သူကဘယ်လိုဖြစ်သလဲဆိုလို့ရှိရင် အရင်ဆုံးကတော့ လူထုရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးဖို့ ထိန်းသိမ်းပေးဖို့ လည်းလိုတယ်။

မေး။ ။ အဲတော့ မြန်မာနိုင်ငံမှာ AIDS ရောဂါပပျောက်ဖို့ဆိုရင် အစိုးရသစ်အနေနဲ့ အရင်ဆုံးဦးစားပေး ဘာတွေဆောင်ရွက်သင့်ပါသလဲရှင့်။

ဖြေ။ ။ပညာပေးကအဓိကပဲ။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် လူတိုင်းလူတိုင်းက ဒီရောဂါ နဲ့ပတ်သက်လို့ဘယ်လိုကူးစက်တယ် ။ ဘာဖြစ်နိုင်တယ်၊ ဆိုတဲ့ သတင်းမှန်မှန်ကန်ကန် လူတိုင်း မသိဘူးပေါ့နော် ။ လူတိုင်းမသိတဲ့အခါမှာ ဘယ်လိုဖြစ်သလဲဆိုတော့ လွှဲမှားတဲ့ အယူအဆတွေကလည်း ရှိတယ်။ မလိုအပ်ပဲနဲ့ ကြောက်ရွံ့နေတာ၊ မလိုအပ်ပဲနဲ့ ကူးစက်မှာစိုးတာ အဲလိုမျိုးကိစ္စတွေဆိုတော့ ပညာပေးကတော့ အင်မတန်အရေးပါတယ်လေ။ နံပတ် (၂) ကတော့ သွေးစစ်ချင်တဲ့ဆန္ဒရှိဖို့ ၊ သွေးစစ်တဲ့အခါမှာလည်း လုံခြုံစိတ်ချရတဲ့ ဒေသမှာသူတို့ရဲ့ သွေးအခြေအနေကိုသိအောင်လို့ သွေး စစ်ဖို့လိုအပ်ပါတယ်။ နောက်ဆုံးကတော့ HIV ရောဂါပိုး ဗိုင်းရပ်ကို သေစေနိုင်တဲ့ဆေးက အခုနိုင်ငံတကာမှာ လူတိုင်းလက်လှမ်းမှီကြတယ်လေ။ သုံးစွဲနိုင်တယ်ဆိုတော့ မြန်မာပြည်မှာလည်း လူတိုင်းဟာ ရောဂါပိုးရှိပြီ ဆိုတာသိတာနဲ့ ချက်ချင်း ဒီပိုးသတ်ဆေးကို သုံးစွဲနိုင်မယ်ဆိုလို့ရှိရင် ဒါအများကြီးထိရောက်နိုင်မယ်လို့ ကျမ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာတော့ HIV ရောဂါပိုးကူးစက်မှှုနှုန်းဟာ ၂၀၁၂ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂၀၁၅ ခုနှစ်မှာ ကျဆင်းသွားခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ UNAIDS/ WHO နဲ့ UNICEF တို့နဲ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံဆိုင်ရာ AIDS အစီအစဉ်ရဲ့ ဒီနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ရောဂါပိုးရှိနေသူ ဦးရေ ခန့်မှန်းခြေ နှစ်သိန်းကျော် ရှိပါတယ်။ ရောဂါအများဆုံးဖြစ်ပွားတဲ့နေရာတွေက လူဦးရေထူထပ်တဲ့မြို့ပြဒေသတွေနဲ့ မူးယစ်ဆေးထိုးမှု အများဆုံးရှိနေတဲ့ အရှေ့မြောက်ဖျားနဲ့ မြောက်ပိုင်းဒေသတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။

XS
SM
MD
LG