တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးစစ်တမ်းတွေအရ New Hampshire ပြည်နယ်မှာ ပြုလုပ်မယ့် ပါတီတွင်း ရွေးချယ်မှုတွေမှာ ဘီလီယံနာ သူဌေးကြီး Donald Trump ဟာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ ပြိုင်ဖက် သမ္မတလောင်းတွေထက် အသာစီး ရရှိနေပါတယ်။ ဘယ်သူ့ကို ထောက်ခံမယ်ဆိုတာ မဆုံးဖြတ်ရသေး သူတွေရဲ့ ထောက်ခံမှုကို ရရှိနိုင်ဖို့ သူ့ရဲ့ ပြိုင်ဖက်က သမ္မတလောင်းတွေ ကလည်း နောက်ဆုံးအချိန်အထိ အကြိတ်အနယ် မဲဆွယ် စည်းရုံးနေကြပါတယ်။
အရေအတွက်အားဖြင့် အများအပြား ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ ရီပတ်ဘလီကန် သမ္မတလောင်းတွေ အင်္ဂါနေ့မှာ မဲမပေးကြခင် နောက်ဆုံးအချိန်ထိ မဲဆွယ် စည်းရုံးပွဲတွေပြုလုပ်တာ၊ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲတွေ ပြုလုပ်ပြီး မေးခွန်းတွေ ဖြေကြားတာ၊ ရုပ်မြင်သံကြားတွေမှာ တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီမိုကရက်တစ် ပါတီဘက်မှာတော့ - သူ့ကိုယ်သူ ဒီမိုကရက်တစ် ဆိုရှယ်လစ်လို့ ခေါ်ဆိုနေတဲ့ Bernie Sanders က နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ထက် လူထုစစ်တမ်းတွေမှာ အသာစီး ရနေပါတယ်။ Bernie Sanders ဟာ New Hampshire ပြည်နယ်နဲ့ အိမ်နီးချင်း ပြည်နယ်တခုဖြစ်တဲ့ Vermont ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ်တဦးလည်း ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ Hillary Clinton ဟာ Iowa ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျင်းပခဲ့တဲ့ ပါတီတွင်း ရွေးချယ်မှုတွေမှာ Bernie Sanders ကို မဲမကွာဘဲ ကပ်ပြီး အနိုင်ရလိုက်ပေမယ့်လည်း သူမအနေနဲ့ Bernie Sanders ကို New Hampshire ပြည်နယ်မှာ အနိုင်ရဖို့အတွက် အတော် ကြိုးစားယူရမယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။